ဝေါလေမြိုင် ၁၀ အောက်တိုဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဒေသခံတောင်သူများ သဘာဝဓာတ်မြေဩဇာများ အသုံးပြု နိုင်ရန်ရည်ရွယ်၍ သဘာဝဓာတ်မြေဩဇာ (EM) ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ပြသခြင်းအား ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူဦးစိုးပိုင်၏ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဓာတ်မြေဩဇာ (EM) ဘိုကာရှီမြေဆွေး ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦးက ဝေါလေမြိုင်ဒေသရှိ တောင်သူများ၏ ဟင်သီးဟင်းရွက်စိုက်ခင်းတွင် ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝဓာတ်မြေဩဇာပြုလုပ်ပုံများကို လက်တွေ့ ပြုလုပ်ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သဘာဝဓာတ်မြေဩဇာ (EM) ဘိုကာရှီမြေဆွေး ပြုလုပ်ရာတွင် သီးနှံအကြွင်းအကျန်များဖြစ်သည့် ကောက်ရိုးများ၊ ပြောင်းရိုးခြောက်များ၊ ပေါင်းမြက်များ၊ ပဲရိုးဆွေးများကို (EM)ဖျော်ရည်၊ ဆိတ်ချေး၊ နွားချေး၊ ဖွဲနု၊ ဖွဲကြမ်းများ ရောနှောအသုံးပြုကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


