ရပ်စောက် ၁ ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဝေးလံပြီး သွားလာရန်ခက်ခဲသည့် ကျေးရွာရှိ ပြည်သူများ၏ ကျန်မာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာ ၃၀ ရက်က ရပ်စောက်မြို့၊ မားသဲကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု ၄၂ စုရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက အသက် ၉ လမှ ၅ နှစ်ခွဲအတွင်းရှိ ကလေး ၃၂ ဦးတို့အား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စိတ်ခွန်အားဖြစ်လာစေရေး ဟောပြောြခင်း၊ စာပေဖတ်ရှုအားပေးနှစ်သိမ့်မှုများ ပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များ လှူဒါန်းပေးခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ  ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ကျေးရွာပြည်သူများအတွက် အစားအသောက် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယခုကွင်းဆင်းဆောင်ရွက်သည့် အေးချမ်းသာယာကျေးရွာမှာ မြို့နှင့်အလှမ်းကွာဝေးသည့်အပြင် သွားလာရန် ခက်ခဲသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရပ်စောက်မြို့နယ်အတွင်းသို့ ခိုလှုံဝင်ရောက်လာသည့် ပလောင်တိုင်းရင်းသားများ၏ ကျေးရွာဖြစ်ကြောင်း သိရသည်။

မူမြစော(ပြန်/ဆက်)