နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ်၏ ဖိတ်ကြား ချက်အရ ချက်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်နှင့် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘောခရီးစဉ်တို့ကို သွားရောက်လျက်ရှိသည်။ ချက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံတို့မှာ ဗဟိုဥရောပဒေသအတွင်း တည်ရှိပြီး ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။ နှစ်နိုင်ငံစလုံးမှာ နိုင်ငံ၏ အကျယ် အဝန်းများအနေဖြင့် မြန်မာနိုင်ငံထက် သေးငယ်သည့် နိုင်ငံများဖြစ်ကြ သလို လူဦးရေအားဖြင့်လည်း မြန်မာနိုင်ငံထက် နည်းပါးသည့် နိုင်ငံများ ဖြစ်ကြသည့်တိုင် စီးပွားရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုတို့တွင် ရှေ့တန်းသို့ များစွာရောက်ရှိနေသည့် နိုင်ငံများဖြစ်သည့်အလျောက် လေ့လာစရာ အများအပြားရှိနေသည့် နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံသည် ချက်သမ္မတနိုင်ငံထက် ဧရိယာအားဖြင့် ရှစ်ဆခွဲ ပို၍ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းကျော် ရှိနေချိန်တွင် ချက်သမ္မတနိုင်ငံ၏ လူဦးရေမှာ ၁၀ သန်းကျော်သာရှိသည်။ သို့ရာတွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တွင်မူ ချက်က မြန်မာထက် သုံးဆသာသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း မြန်မာ-ချက် နှစ်နိုင်ငံဆွေးနွေးပွဲတွင် သမိုင်းကြောင်း အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူ များကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပရာ့ဂ်မြို့ရှိ ဥရောပ အလယ်ပိုင်းတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ် Charles University တွင် ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူ များအား “ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း ချက်သမ္မတ နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာ တွင် လည်းကောင်း၊ အဆိုပါနှစ်နိုင်ငံရှိ တက္ကသိုလ်အသိုင်းအဝိုင်းတို့မှ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများအား ဟောပြောပို့ချရာ၌ လည်းကောင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ များနှင့် မြန်မာနိုင်ငံ၏ ယနေ့ရင်ဆိုင်ဖြတ်သန်းနေရသော ပကတိအခြေ အနေများကို ရိုးသားပွင့်လင်းစွာ ရှင်းလင်းပြောကြားနိုင်ခြင်းဖြစ်သည့် အတွက် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများတွင် ပျံ့နှံ့နေသည့် အထင်အမြင်လွဲမှားနေမှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
ထို့ပြင် မြန်မာ-ချက်နှင့် မြန်မာ-ဟန်ဂေရီ စီးပွားရေးဖိုရမ်များကို ကျင်းပနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချက်၊ ဟန်ဂေရီတို့မှ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးတို့ တိုးမြှင့်နိုင်ခဲ့သည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပနှစ်နိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဝေးလံသောအရပ်မှ မိတ်ဟောင်းဆွေဟောင်းများနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေခဲ့ပြီး နိုင်ငံခြားဆက်ဆံရေး၊ ဖွံ့ ဖြိုး တိုးတက်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများအတွက် ရလဒ်ကောင်းများ ဖြစ်ထွန်းစေသည့် ရွှေလမ်းခရီးစဉ် ဟု ဆိုရမည် ဖြစ်ပါကြောင်း။ မြန်မာ့အလင်း