ဝေါ   ၂၀ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉) နာရီခွဲက သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစား ပစ္စည်းများအား  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီများနှင့် အားကစား ကလပ်များထံသို့  ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးအောင်က အားကစားလုပ်ငန်းများ ဖော်ဆောင်မှု၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အားကစားပစ္စည်းများနှင့် အားကစား အထောက်အကူပြုပစ္စည်း ပြည့်စုံမှုသည် အခြေခံကျသည့်အချက်တစ်ချက်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထုအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကို အဖက်ဖက်ကကောင်းမွန် ပြည့်စုံလာအောင် စီမံဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် မျိုးချစ်စိတ်ဓာတ်ပိုမိုထက်သန်စေသည့် အားကစား ကဏ္ဍကိုလည်း အစစအရာရာ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသည့် ခရိုင်နှင့်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင် မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို ဘတ်ဂျက်နှစ်အလိုက် ရန်ပုံငွေများခွင့်ပြုပေးပြီး ဆောင်ရွက် လျှက်ရှိကြောင်း၊ အားကစား တိုးတက်အောင် ဆောင်ရွက်နေကြသည့် ဝေါမြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီများနှင့် အားကစားကလပ်များအတွက် အဓိကလိုအပ်နေသည့် အားကစားအထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် အားကစားအသုံးအဆောင်ပစ္စည်းများ၊ အားကစားရုံများတွင် အသုံးပြုရန် အားကစား အထောက်အကူပြု ပစ္စည်းများ၊ အားကစားပစ္စည်းများ၊ အားကစားသမားများအတွက် မရှိမဖြစ် လိုအပ်သည့် မိမိတို့တိုင်းဒေသကြီး အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေမှုအား ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရံပုံငွေကျပ်ဖြင့် အားကစားပစ္စည်းများ ဝယ်ယူခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးအောင်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် မြို့နယ် အားကာဦးစီးမှူး ဦးအောင်လင်းတို့ထံ အားကစားနှင့်ကာယပညာကော်မတီများအတွက် အားကစားပစ္စည်းများကို လည်းကောင်း၊  အားကစားကလပ်များမှ တာဝန်ရှိသူများထံသို့ သင်တန်းနှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစား ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

 

ယင်းနောက် တိုင်းဦးစီးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အားကာဝန်ထမ်းအိမ်ယာ တည်ဆောက်မည့် နေရာအား ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်ဆက်)