ဝေါ ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက လက်တွန်းထွန်စက်ဖြင့် လူထိုင်စီးကာ သမန်းမွှေ ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ကျိုက်လှကျေးရွာအုပ်စု၊ ကျိုက်လှကျေးရွာ၊ ကွင်းအမှတ်(၆၈၇) တောင်သူ ဒေါ်ရီစိန်၏လယ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝေါမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ညီညီက လက်ကိုင်ရှည် လက်တွန်းထွန်စက်အကြောင်းနှင့် ကောက်စိုက်စက်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ထမ်းများက လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းတို့ကို လက်တွေ့ သရုပ်ပြရာ ပဲခူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံ တောင်သူများက လက်ကိုင်ရှည် လက်တွန်းထွန်းစက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းကို လက်တွေ့မောင်းနှင်ကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)