ဝေါ  ၂၉  အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက်၊ အသက်(၆၀)နှစ်နှင့်အထက်ရှိသူ မဲဆန္ဒရှင်များသည် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်သော အခြေအနေမရှိသူများအနေဖြင့် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီး၊ အသက်(၆၀)နှစ်ပြည့်ပြီးသူများအပြင်၊ ခရီးဝေးသွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၆၄)အုပ်စုတွင် မဲရုံ(၁၁၆)ရုံထားရှိသွားမည်ဖြစ်ပြီး မဲပေးနိုင်သူ (၁၅၀၉၅၇)ဦးရှိရာ အသက် (၆၀)နှစ်နှင့်အထက် ကြိုတင်မဲလာရောက်ပေးနိုင်သူမှာ (၁၉၁၅၃)ဦးရှိကာ မဲရုံအလိုက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)