(ယမန်နေ့မှအဆက်)

Creative Thinking ဆိုတာဘာလဲ

နောက်တစ်ခုကတော့ Creative Thinking ဆိုတဲ့ အသစ်အသစ်သောဖြေရှင်းချက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်အောင် တွေးခေါ်နိုင် စွမ်းရှိတဲ့ Skill တစ်မျိုးပါ။ Critical Thinking နှင့် Creative Thinking ဟာ ကွဲပြားခြားနားပေမယ့် Critical Thinking ဆိုတာ Creativity ရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဖန်တီးတွေးခေါ်နိုင်စွမ်း တွေ၊ အတွေးအမြင်သစ်တွေကို တိုးတက်ပြောင်းလဲ ချိန်ဆတတ်လာအောင် Critical Thinking ဟာ တစ်ထောင့်တစ်နေရာကဖြစ်ဖြစ် လိုကိုလိုအပ်ပါတယ်။ Creative Thinking ဆိုတာကတော့ ကိစ္စတစ်ရပ်ကို မတူညီတဲ့ရှုထောင့်တစ်ခုကနေ  စဉ်းစားနိုင်စွမ်း၊ Out of the Box လွတ်လွတ်လပ်လပ်ဖောက်ထွက် တွေးခေါ်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။ 

ဒါကြောင့် အများနဲ့မတူတဲ့ ရှုထောင့်အသစ်တွေကတစ်ဆင့် ကိစ္စတိုင်းကို မြင်တတ်လာပြီး ဆန်းသစ်တဲ့ဖြေရှင်းချက်မျိုးတွေ၊ စိတ်ကူးစိတ်သန်းတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ယခင်ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးတဲ့၊ မစဉ်းစားမိဖူးတဲ့ အတွေးအခေါ် အကြံဉာဏ်အသစ်တွေ ထုတ်တာမျိုးဖြစ်ပြီး “Brainstorming” လုပ်တယ်ဆိုတာ Creative Thinking ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ ဒီနေရာမှာ အများနဲ့မတူအောင်ဆိုပြီး လူအများလက်ခံထားရှိပြီးဖြစ်တဲ့ အကြောင်းအရာတွေကို ပြောင်းပြန်လှန် လိုက်တဲ့ပုံစံမျိုး၊ ဥပမာအားဖြင့် အများကဗီလိန်လို့ လက်ခံထားတဲ့သူမျိုးကို  ခေါင်းဆောင်မင်းသား ဖြစ်သွားအောင် ဖန်တီးထားတာမျိုးက Creativity ရှိတဲ့ Thinking မျိုးလို့ သတ်မှတ်လို့တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ Critical Thinking နဲ့ Creative Thinking နှစ်မျိုးလုံးက ထွက်ပေါ်လာမယ့် ရလဒ် အမြင်ဟာ အများကို အကျိုးယုတ်စေတာမျိုး၊ သတ်မှတ်လက်ခံထားပြီးဖြစ်တဲ့  စံနှုန်းတွေနဲ့ သွေဖည်နေတာမျိုး၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုး၊ လောကဓမ္မနဲ့ သဘာဝတရားကို ဖီလာဆန့်ကျင်နေတဲ့ အတွေးအမြင်မျိုးတွေ မဖြစ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဒါဆိုရင် မြတ်ဗုဒ္ဓရဲ့အတွေးအမြင်တွေဟာ Critical Thinking လား၊ Creative Thinking လား ဆိုတဲ့မေးခွန်းပါ။ နိုင်ငံတကာပညာရှင်အားလုံး စံထားရတဲ့ Critical Thinking တွေကတော့ ဗုဒ္ဓရဲ့ကာလာမသုတ်၊ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးတရား တော်တွေအပါအဝင် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မ အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟောကြားခဲ့တဲ့ ဓမ္မတွေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ ဉာဏ်ပညာမြင့်မားစေဖို့၊ မိမိကိုယ်ကို သတိအမြဲကပ် တဲ့စိတ်မျိုးဖြစ်အောင် တည်ဆောက်နေဖို့နဲ့ ဘဝရဲ့စိန်ခေါ်မှုတွေအပေါ်  စိတ်တံခါးဖွင့်ထားပြီး ဆန်းသစ်ဖန်တီးမှုရှိတဲ့  စိတ်နေစိတ်ထားမျိုးနဲ့ ရင်ဆိုင်သွားနိုင်အောင် တိုက်တွန်းအားပေးမှုမျိုးလည်း ပါဝင်တာကြောင့် Creative Thinking ပုံစံမျိုး လည်းဖြစ်တယ်လို့ တညီတညွတ်တည်း လက်ခံထားရှိကြပါတယ်။ 

ဒါကြောင့်လည်း ဗုဒ္ဓရဲ့ဓမ္မအချို့မှာ ဘယ်လိုဟောကြားခဲ့တာလဲဆိုတာကို ပြန်လည်သတိရ အောက်မေ့ကြည့်လိုက်မိတဲ့အခါ သစ္စာရွှေစည် ဆရာတော်ဟောကြားခဲ့တဲ့ “မအိုမီ၊ မနာမီ” ဆိုတဲ့ တရားတော်မှာ မြတ်ဗုဒ္ဓက အနာတဘာဂပရသုတ္တန်ထဲမှာ နောင်တစ်ချိန်မှာ တွေ့ကြုံရမယ့်ဘေးတွေ၊ နောင်တစ်ချိန်မှာ တွေ့ကြုံရမယ့်အန္တရာယ်တွေအဖြစ် လာမယ့်အနာဂတ်မှာ တွေ့ကြုံနိုင်တဲ့ (၁) အိုခြင်း၊ (၂) နာခြင်း၊ (၃) စားနပ်ရိက္ခာငတ်မွတ်တဲ့ဘေး၊ (၄) လူတွေ စိတ်ဝမ်းကွဲပြားတဲ့ဘေး၊ (၅) သံဃာတွေ စိတ်ဝမ်းကွဲပြားတဲ့ဘေး အစရှိတဲ့ ဘေးငါးမျိုးရှိတာကို ရှင်းပြပြီးနောက် သူတော်ကောင်းတရား ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ 

လူတွေဟာ အိုတတ်တဲ့သဘောရှိတယ်။ အိုလာရင် အစွမ်းအစက တဖြည်းဖြည်းနဲ့တုံးသွားတယ်။ အရည်အသွေးက ကျသွားတယ်။ နာတာကတော့ အန္တရာယ်တစ်မျိုးဖြစ်တယ်။ ပိုပြီးထိတ်လန့်စရာ ကောင်းတယ်။ အိုတာကမှ စိတ်ကလေးကောင်းကောင်းနဲ့ နှလုံးသွင်းကျော်ဖြတ်လို့ ရသေးတယ်။ နာတာက တော်ရုံကျော်ဖြတ်ဖို့ မလွယ်ပါ။ အိုမှု တင်မက နာမှုပါ နှိပ်စက်လာရင် ပိုပြီးကြောက်ဖို့ ကောင်းပါတယ်။ ဒါဟာ လူပုဂ္ဂိုလ်တိုင်း ရှောင်လို့မရ တဲ့ ဘေးဒုက္ခနှစ်မျိုးပဲဖြစ်ပါတယ်။ နောက်ပြီး အခန့်မသင့်လို့ရှိရင် အစာရေစာရှားပါးတာမျိုးတွေလည်း ရှိတတ်သလို အယူအဆမတူ၊ လူမျိုးမတူ၊ နေရာ ဒေသမတူလို့ စိတ်ဝမ်းကွဲပြားပြီး သူပုန်သူကန်ထ၊ တိုက်ကြခိုက်ကြတာမျိုး၊ ပြေးကြလွှားကြ ပုန်းကြခိုကြနဲ့  ငြိမ်းငြိမ်းချမ်းချမ်းမရှိတာမျိုးသာမက သံဃာတွေအကြား စိတ်ဝမ်းကွဲပြားပြီး ညီညွတ်မှု မရှိတာမျိုးတွေကြောင့် သူတော်ကောင်းတရားကျင့်ဖို့ အန္တရာယ်ကြီးတာမျိုး ဖြစ်ပေါ်နိုင်တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။

ဗုဒ္ဓရဲ့ဟောကြားမှုက အလွန်အသေးစိတ် ပါတယ်။ စစ်မှန်တဲ့ချမ်းသာရဖို့၊ ဒီလမ်းစဉ်ကို ဖြောင့်ဖြောင့်လျှောက်နိုင်ဖို့ သံဝေဂတွန်းအားလိုတာကြောင့် အဲဒီလိုထိတ်လန့်ဖွယ်ရာ အကြောင်းတွေအပေါ် မှန်မှန်လေးပဲတွေးပြီး စဉ်းစားကြည့်လိုက်ရုံနဲ့ အမြင်မှန်ထွက်လာမှာဖြစ်ပါတယ်။  ဒါနဲ့ရဟန်း တစ်ပါးက စဉ်းစားမိပါတယ်။ သူဟာ အခုငယ်ရွယ် သေးတယ်၊ နုပျိုနေသေးတယ်။ ဒါပေမဲ့လည်း အဲဒီလို အခြေအနေက အမြဲတမ်း ဒီလိုပဲသွားနေမှာ မဟုတ်ဘူးပေါ့။ တစ်ချိန်မှာ သူအိုလာလိမ့်မယ်။ အိုလာရင် မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လိုက်နာဖို့ မလွယ်တော့ဘူး။ တစ်ယောက်တည်း တောတောင်လို ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ်ပြီး အခုလို ရွပ်ရွပ်ချွံချွံ လုပ်နိုင်ဖို့မလွယ်ဘူး။ ဒါကြောင့်မအိုသေးတဲ့ အချိန်ကစလို့ မရသေးတဲ့တရား၊ မရောက်သေးတဲ့တရား၊  မျက်မှောက်မပြုရသေးတဲ့တရားကို မျက်မှောက်ပြုနိုင်ဖို့အတွက် ဒီအလုပ်ကို ဇောက်ချပြီးတော့ လုပ်မှဖြစ်မယ်လို့ စဉ်းစားမိတယ်။ 

သူဒီအလုပ်ကို လုပ်လိုက်မိခဲ့လို့ သူတော်ကောင်းတရားကို သိသွားခဲ့ရင် သူအိုတဲ့အချိန်မှာ ချမ်းချမ်းသာသာ နေရလိမ့်မယ်ဆိုတဲ့အတွေးနဲ့ မြတ်သောအကျင့်ကို ကျင့်ဖြစ်သွားတယ်လေ။ အဲဒီအထဲက စဉ်းစားစရာနှစ်ချက်ပေါ်လာပါတယ်။ အိုလာတဲ့အချိန်မှာ မြတ်စွာဘုရားရဲ့အဆုံးအမကို လိုက်နာကျင့်သုံးဖို့ မလွယ်တော့ဘူး၊ အကယ်၍သာ သူတော်ကောင်းတရားကို ငယ်ကတည်းကသိအောင် လုပ်ထားခဲ့ရင် အိုလာတဲ့အချိန်မှာ ချမ်းချမ်းသာသာ နေရလိမ့်မယ်ဆိုတာပါ။ အခုလိုလွယ်နေတဲ့အချိန် မျိုးမှာတောင် ခက်ခဲနေသေးရင် အိုလာခဲ့ရင် ပိုလို့တောင် လွယ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးဖြစ်လာတာမျိုးပါ။ ခန္ဓာကိုယ်က အကုန်လုံးကောင်းကောင်းမွန်မွန် သွက်သွက်လက်လက် လန်းလန်းဆန်းဆန်းရှိနေတဲ့ အခုလိုအချိန်အခါမျိုးမှာတောင် ဒီအလုပ်ကို လုပ်ရတာခက်တယ်လို့ စိတ်ကထင်နေတာ၊ အိုလာရင် ပိုခက်မှာပေါ့။ နုပျိုတဲ့လူတွေထက် အိုမင်းတဲ့ သူအတွက် ပိုခက်ခဲတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ 

အကယ်၍သာ အိုလာတဲ့အခါမှာ သူတော် ကောင်းတရားကို မသိခဲ့ရင် ဆင်းရဲရလိမ့်မယ်၊ သိခဲ့ရင်  ချမ်းသာမယ်ဆိုတဲ့အပေါ် ပြောင်းပြန်စဉ်းစားတဲ့အချက်ကိုသာ ပိုပြီးအလေးထားစဉ်းစားမိရင် ပိုပြီးသံဝေဂရလိမ့်မယ်၊ ထိတ်လန့်လာလိမ့်မယ်။ အိုလာရင် တွေ့ကြုံရမယ့် အတွေ့အကြုံတွေကလည်း ဆင်းရဲဖို့ချည်းပဲဖြစ်ပါတယ်။ ကိုယ့် ဘာသာအဆင်မပြေသလို ပတ်ဝန်းကျင်ကလည်း လူအိုတစ်ယောက်အပေါ် ဆက်ဆံလာမှာမျိုးတွေကလည်း အစစအရာရာအဆင်ပြေစရာမရှိနိုင်ပါ။ 

ဒီလို  စဉ်းစားတွေးတောတတ်တာမျိုးက အနာဂတ်အတွက်ကိုလည်း ထည့်တွက်တာမျိုးပါ။ အခုသူတော်ကောင်းတရားကို ကျင့်သုံးလို့ စိတ်နှလုံးချမ်းသာတာဟာ အနာဂတ်အတွက်လည်း အဆင်ပြေအောင် ကြိုတင်ပြီးတော့ စီစဉ်ရာလည်း ရောက်တယ်လို့ မြင်လာတာမျိုးဖြစ်ပါတယ်။ ဒီလိုပဲ နာလာတဲ့အချိန်မှာ သူတော်ကောင်းတရားကို ကျင့်သုံးဖို့ မလွယ်ပါဘူး။ အကယ်၍ သူတော်ကောင်း တရားကို သိထားပြီးဖြစ်နေမယ်ဆိုရင် နာလာတဲ့အချိန်မှာ ချမ်းချမ်းသာသာနဲ့နေနိုင်လိမ့်မယ်။ ဒါဟာ အိုခြင်းတရားထက် ပိုပြီးထင်ရှားပါတယ်။ အိုတာနဲ့ စပ်လျဉ်းလို့ကတော့ အိုတာဟာ ရှောင်လွှဲလို့မှမရတာ ဆိုပြီး ခံယူလို့ရပေမယ့် နာလာပြီဆိုရင်တော့ အိုတာထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ဒုက္ခကို ဖြစ်စေ လိမ့်မယ်။ မသိသေးသူတွေဟာ မနာသေးလို့သာ နာခြင်းရဲ့ ပူလောင်ခါးသီးမှုကို မသိသေးတာ ဖြစ်ပါတယ်။ 

တကယ် နာနေတဲ့အချိန်မှာ သူတော်ကောင်းတရားလုပ်ဖို့ ခက်ပါတယ်။ အကယ်၍ သူတော်ကောင်းတရားကို သိထားရင် နာလာတဲ့အချိန်မှာ ချမ်းချမ်း သာသာနေနိုင်မယ်ဆိုတာကိုသာ ကြိုသိထားခဲ့ရင် အလွန်ကောင်းမှာဖြစ်ပါတယ်။ ဒါကို မသိထားလို့ကတော့ နာလာတဲ့အချိန်မှာ ဆင်းရဲမှာ၊ ပင်ပန်းမှာပေါ့။ နာလို့ ဆင်းရဲတာကတစ်မျိုး၊ မသေချင်လို့ ဆင်းရဲတာကတစ်မျိုး၊ မနာလို့ သုခရတာမျိုးထက် နာလာတဲ့အချိန်မှာ နာလို့ထက် နာခြင်းကို လက်မခံလို့ ဒုက္ခရောက်ရတာက ပိုများပါတယ်။ သေတဲ့ဒုက္ခထက် မသေချင်လို့ဖြစ်တဲ့၊ စိတ်တိုင်းမကျတဲ့ ဒုက္ခက ပိုများပိုပြင်းထန်ပါတယ်။ လူရယ်လို့ ဖြစ်လာခဲ့ရင် အိုရမယ်၊ နာရမယ်၊ နောက်ဆုံးသေရမယ်ဆိုတဲ့ သဘာဝတရားကို နားမလည်လို့ လက်မခံနိုင်တာ မျိုးပါ။ သဘာဝတရားကတော့ မိမိလက်မခံနိုင်တဲ့အပေါ် အသိအမှတ်မပြုဘဲ  သူ့ပုံမှန်အတိုင်းသာ သွားနေမှာဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်က ကုဋေ ၈၀ သူဌေးသားနဲ့ သူဌေးသမီး စုစုပေါင်းကုဋေ ၁၆၀ တောင် ချမ်းသာကြတယ်လေ။ ဒါပေမဲ့ မိဘတွေ အမြော်အမြင်မရှိတာရယ်၊  သူတို့ကိုယ်တိုင်ရဲ့ မထိန်းသိမ်းနိုင်မှုတွေရယ်ကြောင့် ပိုင်ဆိုင်မှုအားလုံး ပျက်စီးဆုံးရှုံးကုန်တယ်။ နောက်ဆုံး ကျောင်းမှာ ဆွမ်း၊ ကွမ်းအကျန် တောင်းစားရတဲ့ဘဝရောက်သွားတယ်။ အဲဒီအဖြစ်အပျက်နဲ့စပ်လျဉ်းပြီး မြတ်စွာ ဘုရားက သူတို့နှစ်ဦးဟာ အကယ်၍များ ပထမအရွယ်မှာသာ စီးပွားရှာခဲ့ရင် ပထမတန်းစားသူဌေး ကြီးတွေဖြစ်ကြမှာ၊ တရားရှာခဲ့ရင်လည်း ယောက်ျား က ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်ကြမှာ။ ဒုတိယ အရွယ်မှာဆိုရင်လည်း ဒုတိယတန်းစားသူဌေးကြီး ဒါမှမဟုတ် အနာဂါမ်နဲ့ သကဒါဂါမ်အသီးသီးဖြစ်မှာ၊ နောက်ဆုံး တတိယအရွယ်ကြမှလုပ်ခဲ့ဦးတော့ တတိယတန်းစားသူဌေးကြီး ဒါမှမဟုတ် သကဒါဂါမ်နဲ့ သောတာပန်အသီးသီးဖြစ်မှာလို့ ဟောကြားရှင်းပြတော်မူခဲ့ပါတယ်။

အဲဒီမှာတွေ့ရတဲ့နိယာမက အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ နည်းလာလေလေ၊ အရည်အသွေးကျလာလေလေဆိုတာပါပဲ။  ဒါကြောင့် လူတွေဟာ အရည်အသွေးကျလာမှာကို စောင့်နေသလိုမျိုးဖြစ်နေပါတယ်။ အရွယ်ရှိတုန်း တရား လည်းမရှာ၊ စီးပွားလည်းမရှာဘဲ မေ့မေ့လျော့လျော့ နေလာတဲ့သူတွေဟာ အသက်ကြီးအရွယ်ရလာရင် ငါးလည်းကုန် ရေလည်းခန်းနေတဲ့ ညွန်အိုင်မျိုးမှာ အတောင်ကျိုးနေတဲ့ ကြိုးကြာအိုမှိုင်သလို မှိုင်နေရလိမ့်မယ်ဆိုပြီး လူအိုတို့ရဲ့ဘဝကို ဖော်ညွှန်းတဲ့ဂါထာ တစ်ပုဒ်ကို ရွတ်ဆိုပြခဲ့ပါတယ်။ လူအိုဖြစ်လာခဲ့ရင် ဒီလိုအဆင်မပြေလို့ ဟိုလိုလုပ်ချင်ပေမယ့်လည်း လုပ်လို့မရတော့ အဆင်မပြေတာကို ကြိတ်မှိတ်ပြီး နေနေရတာကို ဖော်ကျူးပြလိုက်တာပါ။ 

တကယ်လို့များ သူဟာ သူတော်ကောင်းတရား သိထားခဲ့ရင်တော့ မျက်နှာငယ်စရာမရှိဘူးပေါ့။ ငယ်တုန်းအချိန်မျိုးမှာ စီးပွားလည်းမရှာ၊ တရား လည်းမရှာဘဲဖြစ်သလို နေထိုင်စားသောက်ပြီး နေလာတဲ့သူဟာ လေးညှို့က လွတ်ထွက်သွားတဲ့ မြားတန် အရှိန်ကုန်သွားရင် ဘာအစွမ်းမှ မရှိတော့ ဘဲ မြေပေါ်ကိုသာ  ကျရောက်တာမျိုးအပေါ် ဖော်ကျူးတဲ့ ဒုတိယဂါထာကိုလည်း ရွတ်ဆိုပြတော် မူခဲ့ပါတယ်။ 

ဒါကြောင့်မို့ လေးပေါ်တင်၊ အရှိန်နဲ့ဆွဲပြီး ပစ်တဲ့အချိန်မျိုးမှာသာ လေးညှို့ရဲ့တွန်းအားအရှိန်နဲ့ ပြေးရမှာပါ။ အဲဒီအရှိန်ကလည်း ထာဝရရှိနေမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းအရှိန်ကုန်လာမယ်၊ လုံးဝကုန်သွားပြီဆိုရင်တော့ အောက်ကျသွားပြီး လုံးဝမလှုပ်နိုင်တော့ဘဲ အစွမ်းတုံးသွားတာမျိုးပေါ့။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောပြီး စိတ်ကို အဆာဖြေသလိုမျိုး ငယ်ငယ်တုန်းက ရွှေထီးဆောင်းခဲ့ရ တာတွေသာ ပြောနေရတဲ့ လူအိုတွေရဲ့ဘဝမျိုးရောက်သွားမယ်လို့ ဖော်ကျူးဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ထပ်သင်ခန်းစာယူသင့်တာ ကတော့ မြန်မာစကားမှာ စကားအဖြစ် ပြောပြောနေကြတဲ့ “ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာတရားရှာ” ဆိုတဲ့ စကားအစား၊ မည်သည့်အရွယ်မျိုးမှာမဆို အထူးသဖြင့် “မအိုမီ မနာမီ” စောနိုင်သမျှ စောစီးစွာပညာ၊ ဥစ္စာ၊ တရားရှာဖွေထားနိုင်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တိုင်း ဟာ မိမိရဲ့နေ့စဉ်သက်ဝင်လှုပ်ရှားနေရတဲ့ဘဝထဲမှာ Critical Thinking နည်းနဲ့ပဲဖြစ်ဖြစ် Creative Thinking  နည်းနဲ့ပဲဖြစ်ဖြစ်၊  နှစ်နည်းလုံးကို ပေါင်းစပ်ထားတာမျိုးနဲ့ပဲဖြစ်ဖြစ် မိမိကြုံတွေ့နေရတဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးရလဒ်မျိုးကို ပေးစွမ်းနိုင်မယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုပြီး အခက်အခဲတွေကို ဖြေရှင်းသွားကြရမှာဖြစ်ပါတယ်။ ဒီလိုမှန်ကန် ကောင်းမွန်ဆန်းသစ်တဲ့ တွေးခေါ်မှုမျိုးရှိထားမှသာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးပေါ်ထွန်း စေနိုင်တဲ့ မှန်ကန်ကောင်းမွန်တဲ့အမြင်မျိုး ရရှိနိုင်မှာဖြစ်ပါကြောင်း။        ။