နေပြည်တော် ၂၀ ဖေဖော်ဝါရီ

ဝေဖန်ရေးတွင် အင်အားရှိသည်။ ဝေဖန်ရေးက ပိုမိုမှန်ကန်ရေး ပိုမိုတိုးတက်ရေးကို ရှေးရှုသည်။ ဝေဖန်ရေးကို နိုင်ငံရေး၊ စီးပွားရေး၊ စာပေ အနုပညာနှင့် ယဉ်ကျေးမှု နယ်ပယ်အသီးသီးတွင် တွေ့မြင်ရသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ဝေဖန်ရေးသည် ကြိုဆိုရမည့်လုပ်ငန်း ဖြစ်သည်။ အားပေး မြေတောင်မြှောက်ပေးရမည့် ကိစ္စဖြစ်သည်။

ထို့ပြင် ဝေဖန်ရေးဟူသည် ဒီမိုကရေစီနှင့် ယှဉ်တွဲပေါ်ထွန်းနေသည့် လုပ်ငန်းဖြစ်သည်။ ဒီမိုကရေစီမရှိဘဲ ဝေဖန်ရေးမကျယ်ပြန့်နိုင်။ ဒီမိုကရေစီ မရှိဘဲ ဝေဖန်ရေးအင်အား၏ အားသာချက်များ၊ တိုးတက်မြင့်မားမှုများကို မရနိုင်။

ဒီမိုကရေစီ ဆိတ်သုဉ်းနေသည့် ကာလများတွင် ဝေဖန်ရေးသည်လည်း မှိန်ဖျော့တိတ်ဆိတ်သွားခဲ့သည်ကို ဖြတ်သန်းခဲ့ရသည့် အာဏာရှင် ခေတ်များကို လည်ပြန်ကြည့်လျှင် တွေ့ရသည်။

ဒီမိုကရေစီ ရေစီးကြောင်း အရှိန်ရလာသည့်အခါတွင် ဝေဖန်ရေးများ အင်နှင့်အားနှင့် တိုးထွက်လာသည်ကို သတိပြုမိပါသည်။ ဝေဖန်ရေး ရေစီးကြောင်းက အရှိန်ကောင်းလိုက်သည်မှ နိုင်ငံရေး ခေါင်းဆောင်များသည်ပင် ပွင့်လင်းပြင်းထန်သော ဝေဖန်ရေး လှိုင်းတံပိုးအောက်တွင် ရှိနေကြသည်ကို သတိပြုမိပါသည်။

ဒီမိုကရေစီ ပွင့်လင်းလာမှုနှင့်အတူ ဆိုရှယ်မီဒီယာတို့ဖွံ့ထွား ကျယ်ပြန့်လာမှုကလည်း ဝေဖန်ရေးရေစီးကြောင်းကို ပိုမိုမြန်ဆန် အရှိန်ပြင်းစေ သည်ကို တွေ့ မြင်ရပါသည်။

ရေစီးကြောင်းက မြန်သည့်အတွက် ဝေဖန်ရေးနှင့် ယှဉ်တွဲပါလာသည့် အောက်လုံးထိုးမှုများ၊ အထောက်အထားမဲ့ အမနာပဆိုမှုများ၊ ရုန့်ရင်းကြမ်းတမ်း ပြောဆိုမှုများကိုလည်း သတိပြုမိပါသည်။ အချက်အလက်ပေါ်တွင် အခြေမပြုဘဲ ဘက်ခွဲခြားထားပြီး သူဘာဆိုဆို၊ သူဘာလုပ်လုပ် ဝေဖန်ရေးလက်နက်ကို အချွန်ဆုံးထားပြီး ထိုးနှက်ရန် အဆင်သင့်ပြင် နေသည်တို့လည်း ရှိလာသည်။

ဝေဖန်ရေး အင်အားကောင်းလာမှုက ဝေဖန်သည့် နယ်ပယ်အားလုံးအတွက် တိုးတက်ဖွံ့ဖြိုးရေးကို ဖြစ်စေသည်ဆိုသော်လည်း အချက်အလက် မှန်ကန်သည့် ဝေဖန်ရေး၊ စေတနာအစစ်အမှန် ပြည့်ဝသည့် ဝေဖန်ရေး ဖြစ်ဖို့တော့ လိုမည်ဟု ထင်ပါသည်။

ဝေဖန်ရေးတွင်လည်း ဆန္ဒ၊ ဘယာ၊ ဒေါသာ၊ မောဟာ ဟူသည့် အဂတိ ကင်းစင်ရေးသည်လည်း အရေးကြီးသော လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ချစ်၍၊ ကြောက်၍၊ မုန်း၍၊ အမှားအမှန်ကို သေချာစွာ ခွဲခြားမသိမြင်နိုင်၍ စသည်တို့ဖြင့် ပြောဆိုနေခြင်းက ဝေဖန်ရေးဟု မဆိုနိုင်ပါ။

လူမှုအဖွဲ့အစည်းထဲ အလုပ်လုပ်နေသူတစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခုကို ဝေဖန်ထောက်ပြခြင်းက တိုးတက်မှုကိုဖြစ်စေမည် ဖြစ်သော်လည်း အချက်အလက် မမှန်ကန်ဘဲ၊ အထောက်အထား မယ်မယ်ရရ မရှိဘဲ လက်ညှိုးထိုး အပြစ်ပြောဆိုနေခြင်းက တိုးတက်မှုဆီသို့ မသွားနိုင်ပါ။

ဝေဖန်ခြင်းသည် အခြေခံအားဖြင့် မတူကွဲပြားမှုကလာ၏။ အယူအဆမတူ၊ အတွေးအခေါ်မတူ၊ သဘောထားမတူ၊ အမြင်မတူ စသည့် မတူညီမှုများကို အခြေခံကာ ပို၍ကောင်းအံ့ဟူသည့် သဘောဖြင့် စေတနာထားကာ ထောက်ပြဝေဖန်ခြင်းဖြစ်၏။ ဒီမိုကရေစီ ရေချိန် မြင့်လာလေလေ မတူကွဲပြားမှုများကို ပြောဆိုဆွေးနွေးရန် အခွင့်အရေး ပိုရလာလေဖြစ်ရာ မတူကွဲပြားမှုကို နားလည်လက်ခံသည့် သဘောထား ရှိကြရန်လည်းလိုပါမည်။ မတူကွဲပြားမှုများရှိသော်လည်း အခြားတစ်ဖက်ကို နားလည်ရန်ကြိုးစားသည့် စိတ်ရင်းအခြေခံလည်း လိုအပ်မည်ဟု မြင်ပါသည်။

ထို့ပြင် မတူကွဲပြားမှုပေါ် အခြေခံ၍ မှန်ကန်သော စေတနာပါသော ထိရောက်သော လေးနက်သော ဝေဖန်ခြင်းမျိုးသည်ပင်လျှင် ရန်သူအနေဖြင့် မဟုတ်ဘဲ ဂါရဝေါစ နိဝါတောစထားကာ ယဉ်ကျေးဖွယ်ရာခြင်း၊ အပြုသဘောဆောင်ခြင်းတို့ဖြင့် ဝေဖန်ရေးမှ တစ်ဆင့် တိုးတက်ရေးဆီသို့ ဆက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသတည်း။

မြန်မာ့အလင်း