မန္တလေး ၈ ဖေဖေါ်ဝါရီ

 

ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးအား နှမ်းမနဲ ဆက်ကပ်ပူဇော်ရန်အတွက် ပဥ္စမအကြိမ် နှမ်းမနဲထိုးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့ ည‌နေ ၄ နာရီက အမရပူရမြို့နယ် ဆင်ရွာမြင်းမှူး ကျေးရွာရှိ အဆိုပါ စေတီရင်ပြင်ရှေ့၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီး ဦးမျိုးသစ် တက်ရောက်အားပေးသည်။

 

ရှေးဦးစွာ နှမ်းမနဲထိုး ပြိုင်ပွဲနှင့် ပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲနှင့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် နှင့် အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတို့က နှမ်းမနဲပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက်မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က အမှာစကားပြောကြားပြီး အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ ဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲတို့ကို ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ဂေါစဂါန်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၂၆ သင်းတို့က သတ်မှတ်ထားသော ပြိုင်ပွဲစည်းကမ်းများအတိုင်း တပျော်တပါး နှမ်းမနဲထိုး ယှဉ်ပြိုင်နေမှုအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးနှင့် အဖွဲ့ဝင်များ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြပြီး ဒိုင်အဖွဲ့တို့က အကဲဖြတ် စိစစ်ရွေးချယ်ပေးကြသည်။

 

“ထမနဲပြိုင်ပွဲက နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ အစဉ်အလာမပြတ် ကျင်းပတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီနေ့ ဆိုရင် ပဥ္စမအကြိမ် ရောက်လာပြီ။ ဂေါစဂါန်ကျေးရွာ ၁၅ ရွာအပြင် ကျောက်စိမ်း စျေးသူစျေးသားတွေ ဖွဲ့ထားတဲ့ အသင်းများ စုစုပေါင်း ၂၆ သင်း ယှဉ်ပြိုင်ခဲ့ကြပြီး ဒီနေ့ပွဲမှာ ပထမရတဲ့အသင်းရဲ့ နှမ်းမနဲကို နံနက်အရုဏ်မှာ စေတီပေါ်မှာ ဘုရားဆွမ်းကပ်မှာ ဖြစ်ပါတယ်” ဟု နှမ်းမနဲထိုးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဦးက ပြောပြသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပထမဆု ငွေကျပ် ငါးသိန်းကို ဆင်ရွာမြင်းမှူးကျေးရွာမှ ရှုတိုင်းယဉ် အသင်းကိုလည်းကောင်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်းကို ပန်းချီ/ချောင်းခွ ကျေးရွာမှ ဂိုးလ်စတားအသင်းကိုလည်းကောင်း၊ တတိယဆု ငွေကျပ် နှစ်သိန်းကို တပ်ကြီး အရှေ့ပိုင်း ကျေးရွာမှ တပ်ကြီးအရှေ့ နှမ်းမနဲအသင်းကိုလည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသော အသင်းများနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသော အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုငွေ ကျပ်ငါးသောင်းစီ ပေးအပ်ချီးမြှင်ခဲ့ကြသည်။

 

ယနေ့ အခမ်းအနားတွင် ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး ပဥ္စမအကြိမ်မြောက် နှမ်းမနဲထိုးပြိုင်ပွဲ ကျင်းပခြင်းနှင့်အတူ ပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ ဝိုင်းခြင်းအသင်း ၂၉ သင်းတို့၏ ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း  ၃၂ သင်းတို့၏ ၂ ယောက်တွဲ ၃ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို သတ်မှတ်အားကစားကွင်း နေရာတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

တင်မောင်-မန်းကိုယ်ပွား