ကွာလာလမ်ပူ    ဧပြီ    ၂

ကူးစက်ရောဂါများနှင့်  ရင်ဆိုင်ကြုံတွေ့သည့်အခါ ကြိုတင်ပြင်ဆင်မှုတိုးတက်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)နှင့်အတူ မလေးရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေမည်ဟု ကျန်းမာရေးဝန်ကြီး ဇူကီဖလိုင်း အာမက်က မတ် ၃၁ ရက်တွင်  ပြောသည်။ 

မလေးရှားနိုင်ငံသို့ တရားဝင်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီ ယက်ဆုနှင့်   တွေ့ဆုံဆွေးနွေးပြီးနောက်   မလေးရှား ကျန်းမာရေးဝန်ကြီးက  ယခုပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းမှုများ  တစ်ဆင့်ပိုမိုတိုးတက် လာခြင်းဖြစ်ကြောင်း ပြောကြားသည်။ ၎င်းက ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသက် များကို ကာကွယ်ရန်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ယခုကဲ့သို့ပူးပေါင်း ဆောင်ရွက်မှုသည် ကြိုတင်သတိပေးစနစ်များကို မြှင့်တင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ခံနိုင်ရည်အားကို  တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကျပ်အတည်းများအပေါ် တုံ့ပြန်နိုင်စွမ်းနှင့် ရောဂါထောက်လှမ်းမှုစနစ် ပိုမိုအားကောင်းလာခြင်းကြောင့် နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အနှောင့်အယှက်ဖြစ်မှုကို အနည်းဆုံးသို့လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                            

ဆင်ဟွာ