နေပြည်တော် နိုဝင်ဘာ ၂၄

 

ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ဘွဲ့နှင်းသဘင် ခန်းမအပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။

 

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်းချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)နှင့်(စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ်သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ  ယနေ့အထိ ဝိဇ္ဇာဘွဲ့  ၄၂၁ ဦး၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၆၅၃ ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် ၁၉၈၇ ဦးကိုပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့ အနက်မှ Ph.D ဘွဲ့ ၁၈ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ မဟာသိပ္ပံဘွဲ့ ၉၄ ဦး၊ M.E ၁၉ ဦး၊ B.E ၂၆၂ ဦး၊ B.Tech ၂၀၇ ဦးရရှိခဲ့ကြပြီး ဖြစ်ကြောင်း။

 

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရေး မဟာဘွဲ့သင်တန်း၊  ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်များ ထမ်းဆောင်ကြရင်း ဆက်လက်တက်ရောက် ဆည်းပူးနိုင်အောင် ကြိုးစားသွားကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုး ရရှိစေရေးအတွက်သာ အသိ၊ သတိဖြင့်အသုံးပြုလေ့လာကြရန်နှင့် မိမိတို့၏ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးများ ပိုမိုမြင့်မားလာ အောင်လည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။

 

 

သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးတွင် “နိုင်ငံ့ဝန်ထမ်း”များ အဖြစ် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားတိုးတက် စေရေးအတွက် အခြေခံအုတ်မြစ်များဖြစ်သည့် ပင်ကိုယ်စရိုက်လက္ခဏာကောင်းမွန်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ ယုံကြည်ချက်ခိုင်မာမှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုတို့ဖြင့် ပြည့်စုံသူများ ဖြစ်လာစေရန်လို အပ်ကြောင်း။

ထို့အပြင် ရောက်ရှိရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာ ထိန်းသိမ်းသွားကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနှင့်အတူ  အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရရှိသူနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူ တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က A.G.T.I ထူးချွန်ဆု ရရှိသူကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဝန်ကြီးဌာန ၁၆ ခုတို့မှ ကိုယ်စားလှယ်များက  သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၁၄ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရကျောင်းသားများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။

 

ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)  အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲတွင် ဝိဇ္ဇာဘွဲ့ ၆၂ ဦး၊ သိပ္ပံဘွဲ့ ၁၀၄ ဦးနှင့် A.G.T.I ဒီပလိုမာ ၄၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ်မောင်မယ် ၂၁၄ ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုယ်စား ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၂ နေရာခွဲခြား၍   ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)