ဝိဇ္ဇာတို့၏ တန်ဖိုး  

 

ကို (တက္ကသိုလ်)

 

တက္ကသိုလ်ဝင်ရန် ဘာသာရပ်ရွေးချယ်ကြသောအခါ မြန်မာစာ၊ ပထဝီ၊  သမိုင်း စသည့် ဝိဇ္ဇာသာသာရပ်တွေကို စိတ်ဝင်စားသူ အလွန်နည်းသည်။ ဝါသနာနှင့် အလုပ်အကိုင်အခွင့်အလမ်းကြောင့် မရွေးချယ်လျှင် မပြောလိုချေ။ ဘာသာရပ်တွေကို အထင်မကြီးသောကြောင့်၊ အရေးပါသော ဘာသာမဟုတ်သောကြောင့်ဟုဆိုပါလျှင် အနည်းငယ်တော့ ပြောချင်၏။

မြန်မာစာသည် သမိုင်းတင်ခေတ် အစောပိုင်းကတည်းက ပေါ်ပေါက်လာသောစာပေဖြစ်သည်။ ပါဠိ၊ ပျူ၊ မွန် ဘာသာတို့နှင့်အတူ မြစေတီကျောက်စာတွင် တွေ့ရသည်။ မူလမြန်မာအက္ခရာမှာ လေးထောင့်ကျသည်။ နောက်မှ တဖြည်းဖြည်း အဝိုင်းပုံပြောင်းသည်။ စာတစ်လုံးတိုင်း အဓိပ္ပာယ်တစ်ခုမက ကြွယ်ဝသည်။ သဒ္ဒါပြည့်စုံ သဖြင့် စည်းစနစ်ကျနစွာ ရေးသားနိုင်သော စာပေဖြစ်၏။

 

ကဗျာကို လေ့လာခြင်းသည် မြန်မာစာကို လေ့လာခြင်းဖြစ်

မြန်မာစာသင်လျှင် ကဗျာကို ချန်ထား၍မရချေ။ စာပေပေါ်ထွန်းစက စကားပြေထက် ကဗျာလင်္ကာ သို့မဟုတ် လင်္ကာ- စကားပြေကို အသုံးများခဲ့သည်။ ကဗျာတွင် လောကကြောင်း၊ ဓမ္မကြောင်း စုံလင်လှသည်။ ကဗျာကို လေ့လာခြင်းသည် မြန်မာစာကို လေ့လာခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ မြန်မာစာကဲ့သို့ ကဗျာပုံသဏ္ဌာန် (စပ်နည်း) ကြွယ်ဝသော ဘာသာစာပေ မတွေ့ဖူးသေးချေ။

မြန်မာစာတွင် အရေးလည်း ကြွယ်ဝပါသည်။ စကားပြေ၊ လင်္ကာ- စကားပြေ၊ လင်္ကာ ဟူ၍ အရေးအသား သုံးမျိုးရှိသည်။ ယခုခေတ်တွင် စကားပြောဟူသော နောက်တိုးတစ်မျိုးပင်ရှိလာသည်။ ဤနှယ် အရေးကြွယ်သော စာပေဘာသာရပ်မျိုး ရှိနိုးအံ့မထင်။

မြန်မာစာကို ဆည်းပူးလျှင် ဘာသာရပ်တစ်ခုအနေဖြင့် မဟုတ်သည့်တိုင်အောင် ပါဠိအက္ခရာတို့နှင့် သိကျွမ်းရင်းနှီးဖို့ လိုအပ်သည်။ မြန်မာစာ၌ ပါဠိအက္ခရာ၊ ပါဠိပျက်အက္ခရာ တို့ပါရှိသည်။ ၎င်းအက္ခရာ တို့ကို ဗျည်း ၃၃ လုံးဖြင့် ရေးရပါသည်။ မြန်မာစာနှင့် ပါဠိအက္ခရာတို့ နီးကပ်စွာ ရှိနေကြပါသည်။ တစ်ချိန်က အစိုးရသည် မြန်မာဗျည်း ၃၃ လုံးထဲမှ ဗျည်းခြောက်လုံးကိုနုတ်ပယ်ရန် ကြံစည်ကြိုးစားမှုရှိခဲ့သည်။ မြန်မာစာကိုသာမက ကိုးကွယ်ရာဘာသာကိုပါ ဖျက်မည့်စီမံကိန်းဖြစ်သည်။ ၎င်းဗျည်းခြောက်လုံးမရှိ/ မသုံးရတော့လျှင် ဗုဒ္ဓဘုရားဟောကြားခဲ့သော ပိဋကတ်သုံးပုံပျက်လိမ့်မည်။ သာသနာ၏ အသက်ဖြစ်သော ပရိယတ္တိ ပျက်လိမ့်မည်။ ဘုန်းကြီးတွေ မည်သို့တရားဟောမည်နည်း။ ဗုဒ္ဓဘာသာဝင်တို့ မည်သို့ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်မည်နည်း။ နိုင်ငံရေးကိစ္စရေးခြင်းမဟုတ်ပါ။ မြန်မာစာနှင့် ဗျည်း ၃၃ လုံးတို့၏ အရေးပါအ‌ရာရောက်ပုံကို ရေးခြင်းဖြစ်ပါသည်။

 

လူမျိုးကို ချစ်မြတ်နိုးခြင်းသည် နိုင်ငံကို ချစ်မြတ်နိုးခြင်းဖြစ်

မြန်မာစာသည် မြန်မာလူမျိုးတို့၏ ဘိုးဘွားအမွေ မူပိုင်ကိုယ်ပိုင်ဖြစ်သည်။ မြန်မာစာ ချစ်မြတ်နိုးခြင်းသည် လူမျိုးကို ချစ်မြတ်နိုးခြင်းဖြစ်သည်။ လူမျိုးကိချစ်မြတ်နိုးခြင်းသည် နိုင်ငံကို ချစ်မြတ်နိုး ခြင်းဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကားဟူ၍ စာနှင့် စကားကို မြတ်နိုး ဂုဏ်ယူတတ်စေခြင်းဖြင့် အမျိုးသားဇာတိမာန်ကို လှုံ့ဆော်ခဲ့ကြသည်။ မြန်မာစာက ဇာတိမာန်ကို တက်ကြွစေပါသည်။

ပထဝီက နိုင်ငံ၏ သယံဇာတကြွယ်ဝမှုကို သိရှိစေသည်။ လူမျိုးရင်းတို့၏ဇာစ်ကို လှစ်ဟပေးသည်။ စီးပွားရေး အလားအလာကို မှန်းဆနိုင်သည်။ တည်နေရာအရ ကမ္ဘာ့ဇာတ်ပေါ်တွင် နိုင်ငံ၏အရေးပါမှုနှင့် ဖြစ်နိုင်ခြေရှိသော အနာဂတ်ကို ခန့်မှန်းနိုင်သည်။ ရှည်လျားသော ကမ်းရိုးတန်း၊ ကျွန်းစုများနှင့် သမုဒ္ဒရာနှစ်ခုကို ဆက်စပ်ပေး သော ရေလမ်းကြောင်းတို့ကြောင့် မဟာဗျူဟာကျသော အနေအထားကို သတိပြုနိုင်သည်။

မြေပေါ် မြေအောက်နှင့် ရေအောက်သယံဇာတပေါကြွယ်ဝမှု၊ မြေဩဇာကောင်းမွန်၍ စိုက်ပျိုးရေး ဖြစ်ထွန်းနိုင်မှု၊ သဘာဝသစ်တော ဖုံးလွှမ်းမှုနှင့် ရတနာတန်းဝင်သစ်ထွက်ရှိမှု စသောပထဝီဝင်အချက် အလက်များအရ ပြည်သူတို့သာကြိုးစားလျှင် နိုင်ငံ၏ ဒုတိယအမျိုးသားအကျိုးစီးပွားဖြစ်သော တိုင်းပြည်စားရေရိက္ခာပေါများရေး ကို လွယ်လင့်တကူ ရရှိနိုင်သည်။

ပင်မတိုင်းရင်းသား ရှစ်မျိုးအပါအဝင် တိုင်းရင်းသား ၁၃၅ မျိုးသည် တောင်ပေါ်မြေပြန့်ဒေသအသီးသီးတွင် ရှေးပဝေသဏီ ကတည်းက အခြေချနေထိုင်ခဲ့ကြသော လူမျိုးရင်းများဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိခဲ့သည့်နည်းတူ ကျောက် - ကြေး-သံခေတ် သုံးမျိုး၏ အထောက်အထားများလည်း ရှိနေပြီးဖြစ်သည်။ ထို့ကြောင့် ဤပထဝီဝင်တည်နေရာတွင် မြန်မာတို့၏ ဘိုးဘေးဘီဘင်များသည် ဓားမဦးချ နေထိုင်ခဲ့ကြောင်း၊ တို့ဘိုးဘွားများ ပိုင်ဆိုင်ခဲ့သည့် တို့မြေတို့ရေဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် လူတွင် ကျယ်လုပ်နေသော နိုင်ငံအချို့ကဲ့သို့ ဒေသခံလူမျိုးရင်းများကို သုတ်သင်ဖယ်ရှားပြီး နေရာဝင်လုကြသည့် ကျူးကျော်သူများမဟုတ်ကြောင်း ပထဝီနှင့် ရှေးဟောင်းသုတေသနတို့က သက်သေပြသည်။

 

ဒေသစုံသောနိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ကောင်းလှပုံကို ပထဝီမှတစ်ဆင့် သိနိုင်

ပထဝီကိုသင်ယူခြင်းဖြင့် သည်မြေ သည်ရေကို တန်ဖိုးထားတတ်လာစေသည်။ တစ်မြေတည်းနေ၍ တစ်ရေတည်း သောက်သော တိုင်းရင်းသားညီအစ်ကိုချင်း သွေးစည်းရင်းနှီးလာစေသည်။ အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်လိုသော ပြည်ထောင်စုစိတ်ဓာတ်ကို ဖြစ်ပေါ်စေသည်။ တောင်တန်း၊ မြေပြန့်၊ ပင်လယ်၊ ကျွန်းစု၊ သစ်တော၊ ကုန်းတွင်း ရေအိုင်ရေကန်ကြီးများ၊ ရေခဲတောင်များ၊ ကန္တာရတို့ဖြင့် ပေါင်းစပ်ထားပြီး စွတ်စို-ခြောက်သွေ့-အေးခဲရာသီ ဒေသစုံသောနိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ကောင်းလှပုံကို ပထဝီမှတစ်ဆင့် သိနိုင် သည်။

သမိုင်းအတွက်ကိုမူ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့သော ‘မအ အောင်သင်ယူသည် ဆိုသော အချက်တစ်ချက်တည်းနှင့်ပင် ပြည့်စုံလုံလောက်နေပါပြီ။ သမိုင်းထဲမှ သင်ခန်းစာများစွာကို ထုတ်ယူ အသုံးချနိုင်သဖြင့် တန်ဖိုးရှိလှသည်။

ခေါင်းဆောင်၏ အရည်အချင်း အရည်အသွေးကောင်းမွန်ရေး၊ တပ်မတော်အင်အားတောင့်တင်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပညာတတ်ပေါများရေး၊ စီးပွားရေးအောင်မြင်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ သံခင်းတမန်ခင်း ကောင်းမွန် ရေးတို့မှာ သမိုင်းပေးသော သင်ခန်းစာများဖြစ်သည်။

 

ရာဇဝင်နှင့် ခေတ်ဟောင်းသမိုင်းကိုသာမကမြန်မာနှင့် ကမ္ဘာခေတ်သစ်သမိုင်းကိုပါ ဆက်စပ်လေ့လာ

သမိုင်းဆိုသည်မှာ ရပ်တန့်မနေ။ အချိန်နှင့် လိုက်ပါရွေ့လျားလျက်ရှိသည်။ နိုင်ငံ့သမိုင်းခုနစ်ထွေ ဘဝဇာတ်ခုံ ဖြစ်သည်။ အနိမ့်၊ အမြင့်၊ အတက်၊ အဆင်း၊ အကောင်း၊ အဆိုးတို့သည် ရှုမြင်သူ၊ ပြုစုသူ၏ ယထာဘူတ အမြင်ပေါ်တွင် မူတည်သည်။ ပစ္စုပ္ပန်အဖြစ်အပျက်တို့ နှစ်ပေါင်းငါးဆယ်ကျော်ပါက သမိုင်းမှတ်တမ်းဝင်ကြောင်း မှတ်သားခဲ့ရဖူးသည်။ ရှေးဟောင်းသုတေသနပညာရှင်တို့၏ တူးဖော်တွေ့ရှိမှု၊ ရှေးဟောင်းတန်ဖိုးကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းထားရှိမှုတို့သည် သမိုင်းပညာရှင်များအတွက် အကောင်းဆုံးအထောက်အထား ဖြစ်ကြသည်။ စာသင်သားတို့သည် ရာဇဝင်နှင့် ခေတ်ဟောင်းသမိုင်းကိုသာမက မြန်မာနှင့် ကမ္ဘာခေတ်သစ် သမိုင်းကိုပါ ဆက်စပ်လေ့လာ ဆည်းပူးကြပါလျှင် သမိုင်းသည် စိတ်ဝင်စားဖွယ်ကောင်းပါလိမ့်မည်။

အကြင်လူတစ်ဦးသည် စစ်မှုထမ်းပင်ဖြစ်စေ၊ နိုင်ငံ့အရပ်ဘက် ဝန်ထမ်းပင်ဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းပင် ဖြစ်စေ...ရာထူးအဆင့်ဆင့် တက်လာပြီး စီမံခန့်ခွဲရသည့် ထိပ်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ သိပ္ပံထက်ဝိဇ္ဇာကို ပိုပြီးလိုအပ်လာပါသည်။ မြန်မာစာ၊ ပထဝီ၊ သမိုင်းဘာသာရပ်များအပြင် နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ဥပဒေ အစရှိသည့် အသိပညာရပ်များကိုပါ ပေါင်းစပ်ပေးရမည် ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာပင် ဝိဇ္ဇာပညာရပ်များကို သီးသန့်သင်ယူလေ့လာနိုင်သော တက္ကသိုလ်မျိုးရှိနေကြောင်း သိရသည်။ ဝိဇ္ဇာပညာ၏ တန်ဖိုးကို သိသောကြောင့်ဖြစ်ကြောင်း သုံးသပ်နိုင်ပေသည်။ ကမ္ဘာပေါ်တွင် သိပ္ပံဘွဲ့ရ နိုင်ငံ့ခေါင်းဆောင်အချို့ ရှိကြပါသည်။ သို့သော် သူတို့၏ လေ့လာဆည်းပူးမှုတွင် ဝိဇ္ဇာပညာ ရပ်များကို ချန်ထားခဲ့မည် မဟုတ်ချေ။

မြန်မာတို့သည် မျိုးချစ်စိတ်ထက်သန်၊ ဇာတိမာန်ဖြင့် လွတ်လပ်ရေးကို ရယူခဲ့ကြသည်။ မျိုးချစ်စိတ်နှင့် ဇာတိမာန်သည် ဘုရားပြီး၍ ဖျက်ပစ်ရသောငြမ်းမဟုတ်ချေ။ ဟုန်းခနဲ ခေတ္တခဏသာ တောက်လောင်ရသော ကောက်ရိုးမီးမဟုတ်ချေ။ ဖွဲမီးကဲ့သို့ ထာဝရတမြည့်မြည့် လောင်ကျွမ်းနေရမည့် မီးဖြစ်သည်။ မြန်မာတို့၏ရင်ထဲဝယ် ဇာတိသွေးဇာတိမာန်သည် ထာဝရရှင်သန်နေရမည်ဖြစ်သည်။ ဤသို့ရှင်သန်စေမည့် နည်းများစွာအနက် တစ်နည်းမှာ ကိုယ့်နိုင်ငံ၏ စာပေ၊ ပထဝီ၊ သမိုင်းတို့ကို သိရှိစေခြင်းဖြစ်သည်။ လွတ်လပ်ရေး ရပြီးသော်လည်း၊ လွတ်လပ်ရေးကို စောင့်ရှောက်ထိန်းသိမ်းရန်အလို့ငှာ၊ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကထက် အဆရာထောင်မကသော ဇာတိသွေး ဇာတိမာန် လိုအပ်ပေသည်။ ဤလိုအပ်ချက်ကို ဝိဇ္ဇာ ဘာသာရပ်တို့က ဖြည့်ဆည်းပေးနိုင်ပါသည်။ ။