ရန်ကုန် ၁၅ ဇူလိုင်
လူစွမ်းကောင်း ရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်သည့် `` ဝိုင်းကြီးချုပ် စပွန်ဆာ ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ ၊ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇူလိုင် ၂၀ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ သြရသက ရိုက်ကူးထားခြင်းဖြစ်ပြီး မိသားစုချင်း ချစ်ခင်စည်းလုံးရန်၊ အချစ်ကိစ္စကို ဦးတည်ချက်လွဲမှားစွာထားမိပါက မိသားစုများအကြား ဒုက္ခဆင်းရဲ ဖြစ်တတ်ပုံ၊ အချစ်စစ် အချစ်မှန်ဟူသည် မည်သို့ပင်ခွဲပါစေ ပေါင်းစည်းရတတ်ကြောင်း စသည့်ရည်ရွယ်ချက်များဖြင့် ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားတွင် ခန့်စည်သူ၊ ဇေရဲထက်၊ ခင်လှိုင်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ တို့နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားပြီး ယနေ့ ခေတ်ကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော လူမှုကွန်ရက်စာမျက်နှာ (ဖေ့ဘွတ် ) ပေါ်မှတဆင့် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ တွေ့ဆုံမှုများ၊ ထိုသို့တွေ့ဆုံရာ အထင်နှင့်အမြင်ကွဲလွဲနေမှုများနှင့် နောက်ဆက်တွဲ ပြဿနာများ၊ မိမိကိုယ်တိုင် ကြိုးစားမှုမရှိဘဲ သူတပါး၏ အကူအညီကို အလွယ်တကူ ရယူမှုတို့ကြောင့် လူမှုဘဝတွင် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများကို အဓိက အခြေခံကာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်ကား ဖြစ်သည်။
ဒါရိုက်တာ သြရသ က`` ယနေ့ခေတ် လူတွေကြားထဲမှာ စပွန်ဆာဆိုပြီး အပြောများနေတဲ့အတွက် အခုလိုရိုက်ဖြစ်ခဲ့တာပါ။ အဓိကကတော့ ကိုယ်ဟာကိုယ် ကြိုးစားရပ်တည်မှုထက် နောက်လူရဲ့ အထောက်အပံ့ တစ်ခုရှိရင် ကိုယ် အောင်မြင်မယ် ဆိုတဲ့ခံယူချက်ရှိတဲ့သူတွေကို နည်းနည်းလေး သရော်ချင်တာပါ။ တကယ်တော့ လူတွေအားလုံးဟာ ဒီလို စပွန်ဆာတွေယူပြီး ပြေလည်သွားကြလားဆိုတော့ မပြေလည်ကြပါဘူး။ ဒီစပွန်ဆာဆိုတဲ့အထဲမှာ အပေးတွေ၊ အယူတွေလုပ်ကြပြီး စပွန်ဆာ သံသရာထဲမှာပဲလည်ပြီးတော့ ဘဝတွေက နစ်မွန်းကြရတာတွေကို ကျွန်တော်က တင်ပြထားတာပါ။ တကယ်တမ်းကျတော့ ဘဝမှာမိမိကိုယ်သာ အားကိုးရာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေ ပေးပါလိမ့်မယ်။ ဇူလိုင် ၂၀ ရက်နေ့ ရုံတင်တဲ့အချိန်ကျရင် လာရောက်အားပေးကြပါ´´ ဟုပြောသည်။
သရုပ်ဆောင် ခန့်စည်သူ က ``ဒီဇာတ်ကားက ဟာသကားဆိုပေမယ့် ဇာတ်လမ်းနဲ့သွားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီကားလေးကနေ ကျွန်တော်တို့ပေးချင်တဲ့ အကြောင်းအရာကတော့ လူတစ်ယောက် အနေနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့နေရာ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ၊ ကိုယ်နဲ့ထိုက်တန်တဲ့ အရာလောက်ကိုပဲ မှန်းသင့် ပါတယ်။ တကယ်လို့များ ကိုယ်နဲ့ မထိုက်တန်တဲ့ အခွင့်အရေးတွေ လိုချင်မိပြီ ဆိုရင်တော့ မတော်လောဘ ဖြစ်တတ်တယ်ဆိုတဲ့ အကြောင်းလေးတွေကို ပေးထားတာပါ´´ ဟု ပြောသည်။
သရုပ်ဆောင် ခင်လှိုင် က ``ဒီဇာတ်ကားထဲမှာတော့ လူမိုက်တစ်ယောက်ပေါ့။ မဂွမ်းခိုင်းတာ အားလုံးလိုက်လုပ်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် စပွန်ဆာတွေ ဘယ်လိုပေးကြတယ်။ မသိဘဲနဲ့တစ်ယောက်နဲ့တစ်ယောက် ဖေ့ဘွတ် မှာတွေကြတယ်။ နောက်ပိုင်းမှာ ဇာတ်တွေရှုပ်ကုန်တဲ့ အချစ် ဟာသ ဇာတ်ကားလေးပါ။ ဖေ့ဘွတ်က တချို့ အဖြစ်အပျက်လေးတွေကို အခြေခံထားတာပါ။ ´´ ဟုပြောသည်။
သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံ က `` အခု ခေတ်စားနေတဲ့ ဖေ့ဘွတ်ကနေ မလိုလားအပ်တဲ့ အကြောင်းအရာတွေဖြစ်ပေါ်နေတာတွေရှိတယ်။ အဲဒီ အကြောင်း တွေကို ရိုက်ပြထားတာပါပါတယ်။ နောက်တစ်ခုကတော့ အပျော်အပျော်နဲ့ ဟိုဘက် လိမ်လိုက်၊ ဒီဘက်လိမ်လိုက်နဲ့ အချစ်ဇာတ်လမ်းတွေမှာဆိုရင်လည်း နှစ်ပင် တွေလိမ်ပြီး မလိုလားအပ်တဲ့ အချစ်ဇာတ်လမ်းတွေဖြစ်တတ်တယ်ဆိုတာ ပရိတ် သတ် ကို Messages ပေးထားတာပါ။ အတုယူတတ်မယ်ဆိုရင် တကယ်ကောင်း ပါတယ် ´´ ဟု ပြောသည်။
သရုပ်ဆောင် ကျော်ကျော် က ``ကျွန်တော်ကတော့ ကြုံဒိုးဆိုတဲ့ ဇာတ်ကောင် နေရာကနေပါဝင် သရုပ်ဆောင်ရတာပါ။ ရိုးသားတဲ့သူတွေလို သာမာန် နည်းလမ်းနဲ့ ပိုက်ဆံမရှာဘဲနဲ့ ဖြတ်လမ်းသဘောမျိုးနဲ့ ပိုင်းလုံး ပုံစံလုပ်ပြီးငွေညှစ်တဲ့ ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ရတာပါ။ အဲဒါကို ဟာသလေးတွေနဲ့ ရိုက်ထားတာပါ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တဲ့ သဘောလေးတွေကို ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ဇာတ်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ် ကားကနေ သင်ခန်းစာတွေရလိမ့်မယ်လို့မြင်ပါတယ်´´ ဟုပြောသည်။
ဇာတ်လမ်းအကျဉ်းအနေဖြင့် သမီးတစ်ယောက်နှင့် မုဆိုးဖိုတစ်ဦးဖြစ်သူ ကုမ္ပဏီပိုင်ရှင် ဦးလှမြင့်မိုရ်သည် မော်လီဟုခေါ်သော တောင့်တောင့်ဖြောင့်ဖြောင့် သူ့အတွင်းရေးမှူးမကြီးကို ကြိုက်နှစ်သက်နေသည်။
လက်ဆောင်များမသိမသာပေးပြီး ချဉ်းကပ်သော်လည်း မော်လီကစိတ်မဝင်စား၊ သူ့တွင် ယောကျာ်းက ထောင်ထဲမှာ၊ ရှေ့တစ်ပတ်တွင် လွတ်တော့မည်ဆိုသဖြင့် ဦးလှမြင့်မိုရ်၏ မေတ္တာဇာတ်လမ်းက တုံးတိတိနှင့်ပြီးခဲ့ရပြီး တစ်ကိုယ်ထဲ အထီးကျန်နေသော ဦးလှမြင့်မိုရ်က ဖေ့စ်ဘွတ်ချက်ကောင့်မှ သူ့ကိုလာဟိုင်းသော ဂျွန်ဆိုသူအား အလေးပေးမိသည်။ ဂျွန်က လှမြင့်မိုရ်ဆိုသူကို အဘွားကြီးထင်ခြင်းဖြစ်သည်။ ဂျွန်တကယ်ချစ်မိသည်က ပိုမိုဆိုသူ မိန်းကလေး။ ပိုမိုနှင့်အပြင်တွင် ချိန်းတွေ့ရန် ငွေမရှိ ဖြစ်နေသည်။ ဂျွန်က ပိုမိုနှင့်လှမြင့်မိုရ်ကို ချိန်းသည်။ လှမြင့်မိုရ်ကို သူအဆောင် လခ ပေးစရာမရှိသဖြင့် ငွေတစ်သိန်းပေးဖို့ပူဆာသည်။ လှမြင့်မိုရ်က ဇွန်ဟုရေးထားသော အကောင့်မို့ မိန်းကလေးဟုထင်ကာ ပေးမှာဟုဆိုသည်။ ဂျွန်က လှမြင့်မိုရ်နှင့် ပိုမိုတို့နှစ်ဦး လုံးကို ဆိုင်ကောင်းကောင်းနီးနီးကပ်ကပ်ရှိသော ဆိုင်နှစ်ဆိုင်သို့ ချိန်းလိုက် သည်။ တစ်ကယ် ဆုံကြတော့ နှစ်ယောက်လုံး မိန်းကလေးထင်ထားကြပြီး ယောကျာ်းများဖြစ်နေကြသဖြင့် ကမောက်ကမဖြစ်ကြရသည်။
ဂျွန်တွင် သူငယ်ချင်းတစ်ဦးရှိသည်။ ၎င်းသူငယ်ချင်းက ကြုံဒိုး၊ သူက ပေါ့ပေါ့နေ ပေါ့ပေါ့စားနေသော်လည်း သူဌေးဖြစ်ဖို့ အိပ်မက်အမြဲမက်နေသည်။ ငွေရမည်ဆိုက ဘာမဆိုလုပ်ဖို့ဝန်မလေး၊ ဒါကစီးပွားရေးသဘော၊ သူချစ်နေသူက လမ်းထိပ် ကွမ်းယာ ဆိုင်မှ မီးကျီ၏တူမ အေးပူ ဆိုသူဖြစ်သည်။
မီးကျီကို အသက်ပေးကြိုက်မည့်သူက ဇိုးသားလေး၊ ဇိုးသားလေးက မီးကျီ ကိုချစ်သည်။ မီးကျီက ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း တစ်ဖက်တစ်လမ်းက ငွေတိုး ချေးစားသည်။ ငွေတိုး မဆပ်သူများက သူ့ကိုရန်ဖြစ်နပမ်းသတ်လာသောအခါ သူ့ကို တစ်ဖက် သတ်ကြိုက် နေသော ဇိုးသားလေးကို လူမိုက်ပုံသဏ္ဍာန်သွင်းတော့သည်။ ဇိုးသားလေးကို တစ်ကိုယ်လုံးအရုပ်ထိုးပေးသည်။ ငွေတိုးမပေးသူများကို ဇိုးသား လေးက ဓားနှင့်လိုက်သည်။ သို့နှင့် ဇိုးသားလေးကလဲ ရပ်ကွက်ထဲတွင် ဓားလူမိုက် ဇိုးသားလေးဟု နာမည်ကြီးလာသည်။
တစ်နေ့တွင် ဂျွန်နှင့် ဦးလှမြင့်မိုရ်တစ်ခါပြန်ဆုံသည်။ ဦးလှမြင့်မိုရ်ထံပို့သော ပစ္စည်းနှင့် လမ်းထိပ်စတိုးဆိုင်မှ အရုပ်မမှားပို့ပြီး ပြဿနာတက်ကြပြန်သည်။ ဂျွန့် ချစ်သူပိုပိုက ဦးလှမြင့်မိုရ်သမီး၊ ဦးလှမြင့်မိုရ်က ပိုမို၏ချစ်သူသည် ဂျွန်ဟုသိရသောအခါ မကွဲကွဲအောင် ခွဲဖို့ လူမိုက်ငှားပြီးသတ်ခိုင်းသည်။
ထိုသို့ဖြင့် စပွန်ဆာနှင့် မိမိတို့ ကြိုက်နှစ်သက်နေကြသူများ ကြားတွင် အမျိုးမျိုး ဗျာများနေကြရသည့် ဖြစ်ရပ်များ၊ ချစ်သူ၏ စေခိုင်းမှုကြောင့် ငှက်ပျောသီး နှင့် လူလိုက်သတ်နေသူတစ်ဦး၏ အမူအရာများ၊ စပွန်ဆာကြောင့် တစ်ဦးနှင့် တစ်ဦး ကြား အပြန်အလှန် ဗျာများကြရပုံ စသည့် အဖြစ် အပျက်များကို အခြေခံကာ ပျော်ရွှင် ဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် ဇာတ်ကား ကောင်းတစ်ကားဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်