ဝိုင်းမော် ၃၀ ဧပြီ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လက်ရှိရောင်းချလျက်ရှိသည့် အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအပြင် အမှတ်(၂)ရပ်ကွက်၌ ဈေးဆိုင်ခန်းပေါင်း (၃၀ဝ) ကျော်ပါဝင်သည့် အမှတ်(၂)ဈေးသစ်စီမံကိန်းကို ထပ်တိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
ဈေး(၂)စီမံကိန်းနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက “ဒီဈေး(၂) စီမံကိန်းကတော့ ဝိုင်းမော်မြို့ လက်ရှိဈေး (၁) မှာ နေရာလုံလောက်မှု မရှိတဲ့အတွက် ဈေးသူ၊ ဈေးသားတွေ၊ ဈေးဝယ်သူတွေ အဆင်ပြေစေဖို့ အမှတ်(၂) ဈေးအဖြစ် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟုရှင်းပြသည်။
အဆိုပါအမှတ်(၂) ဈေးစီမံကိန်းကို တင်ဒါစနစ်ဖြင့် MBGA ကုမ္မဏီက တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆောက်လုပ်မည့်ကာလမှာ သက်တမ်း(၁) နှစ်သာကြာမြင့်မည်ဖြစ်ပြီး (၁)ထပ် ဈေးအဆောက်အဦးပုံစံတွင် ပျံကျဈေးဆိုင်ခန်းများ အပါအဝင် (၁၂)ပေ၊ (၁၅)ပေ ဆိုင်ခန်း(၁၅၄)ခန်းဖြင့် စုစုပေါင်းဆိုင်ခန်း(၃၀၉) ခန်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းကရှင်းလင်းပြောပြသည်။
ထို့အပြင် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဈေးသစ်အဆိုပြုဈေးပုံစံတွင် အဆင့်မြင့် (၂)ထပ် ဈေးအဖြစ်လျာထားတင်ပြခဲ့သော်လည်း ပြည်သူလူထုအနေဖြင့် (၂)ထပ်ဈေးမဆောက်စေလိုဘဲ (၁)ထပ် ဈေးသာဆောက်စေလိုကြသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ (၁)ထပ်ဈေးအဖြစ်သာ ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)


