ဝိုင်းမော် ၁၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး က ဒေသခံတောင်သူများ၏ လူမှုဘဝ မြင့်မားတိုးတက်စေရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် လယ်ယာမြေစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းသန့်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ကိုင်ဆောင်ထားခြင်းဖြင့် သားစဉ်မြေးဆက် လယ်ယာမြေပိုင်ဆိုင်ခွင့် ရှိကြောင်းနှင့် အကျိုးကျေးဇူး ရှိပုံများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တက်ရောက် လာကြသည့် ဒေသခံတောင်သူများ အားလယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ကို ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်/ကျေးရွာတာဝန်ခံများနှင့် ဒေသခံတောင်သူများက လက်ခံရယူပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၁၃)အုပ်စုမှ တောင်သူ(၂၀၆)ဦး၊ ဦးပိုင်(၂၆၈)ခု၊ လယ်ယာမြေ (၂၀၉၅ ဒသမ ၆၁) ဧကကို ဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။
ခိုင်သက်မွန်


