မြစ်ကြီးနား စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မတည်ငွေကျပ် သိန်း ၁၀၀ နှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်စီဂျင် အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား စက်တင်ဘာ ၂၇ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “အောက်စီဂျင်စက်ရုံ တည်ဆောက်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝိုင်းမော်မြို့ရှိ ဌာန ဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များအားလုံးအား မိမိတို့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူ ပါကြောင်း၊ ဆက်လက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” မှာကြားသည်။
ထို့နောက် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းက အောက်စီဂျင်စက်ရုံ အဆောက်အအုံနှင့် စက်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့တို့က အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ မတည်လှူဒါန်းခဲ့သည့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်တီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ကြသည်။
ယင်းနောက် အောက်စီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်စီဂျင်စက်ရုံ (ဝိုင်းမော်မြို့) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ စက်ရုံအတွင်း အောက်စီဂျင်စက် လည်ပတ်ထုတ်လုပ်မှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ညနေဈေးအတွင်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ Fitness Dane အဖွဲ့၏ ကိုဗစ်-၁၉ ကာလအတွင်း လူတိုင်းပါဝင်နိုင်သော ကိုယ်လက်လှုပ်ရှားအားကစား လှုံဆော်ရေး အစီအစဉ်များဖြင့် ဈေးရောင်း/ ဈေးဝယ်များ၊ လမ်းသွား/လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကြပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြကာ အကအဖွဲ့အား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။
ပြည်နယ်(ပြန်/ဆက်)