ဝိုင်းမော် ၂၄ ဇွန်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၅)ခုသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီက စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်အတွင်းရှိ ခါးရှိ၊ မဒိန်၊ နောင်ဟီးကျေးရွာများနှင့် လော်ဝေါ်နှစ်ခြင်း အသင်းတော်ဘုရား ကျောင်းဝင်းနှင့် AG အသင်းတော်ဘုရား ကျောင်းဝင်းများအတွင်းရှိ IDPs စခန်း(၅)ခုမှ အိမ်ထောင်စု (၁၈၀)တို့အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask (၂၁)ဘူး နှင့် လက်သန့်ဆေးရည်(၁၄)ဗူး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၁၈၀)အတွက် ငွေကျပ်စုစုပေါင်း ၃၆၀၀၀၀၀ နှင့် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူ ပြည်တော်ပြန် (၄၂၀)ဦးတို့အတွက် (၄) ရက်စာ ထမင်းစရိတ် ငွေကျပ် (၅၆၀၄၀၀၀)တို့ကို စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိန်ဝင်း(ခရိုင်ပြန်/ဆက်)


