ဝိုင်းမော် ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်-လဘန်ကျေးရွာသွားကားလမ်း၌ ဇန်နဝါရီ ၉ ရက်က ငွေကျပ်သိန်းပေါင်း ၂၇၀ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ ရဲအုပ်စိုင်းစံဖေ ဦးစီးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဝိုင်းမော်မြို့နယ် မဒိန်-လဘန်ကျေးရွာသွားကားလမ်း၌ စောင့်ဆိုင်းနေစဉ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ နယ်မြေ(၂)နေ ဟွမ်ထန်ကျိ(၃၃)နှစ် မောင်းနှင်ပြီး ရှဲအိမ်ကျွမ်း(၃၂)နှစ် လိုက်ပါစီးနင်းလာသည့် SHAYAN-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့နှစ်ဦးအကြားရှိ အိတ်အတွင်းမှ ဆပ်ပြာခွက် (၁၁)ခွက်နှင့် ထည့်ထားသည့် ဘိန်းဖြူ ၁၂၁ ဂရမ်အား လည်းကောင်း၊၎င်းတို့နေထိုင်သည့် ဝူယန်ကျေးရွာနေအိမ် မျက်နှာကျက်အပေါ်မှ အနက်ရောင်ကြွပ်ကြွပ်အိတ်များဖြင့်ထည့်ထားသည့် ဆပ်ပြာခွက် ၃၀၄ ခွက်မှ ဘိန်းဖြူ ၃ ဒသမ ၃၄၄ ကီလိုအား လည်းကောင်း စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၇၇၂ တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၄၆၅ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရှိသူ ဟွမ်ထန်ကျိနှင့် ရှဲအိမ်ကျွမ်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)