ဝိုင်းမော်၊  ၂၆   ဇန်နဝါရီ

           

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား မြစ်ကြီးနားခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးကြသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် အလျား ၄၂ ပေ၊ အနံ ၃၂ ပေနှင့် အမြင့် ၆ ပေရှိ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်း၊ အရှည် ပေ ၁၅၄၈၀ ရှိ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးမျိုးအောင်က ရှင်းလင်းတင်ပြရာ တင်ပြချက် များနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့ကို ဒုတိယညွှန်ကြားရေးမှူးက မှာကြားသည်။

 

အဆိုပါ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၃ သန်း အကုန်အကျခံကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံးပြီးစီးပါက အိမ်ထောင်စု ၁၇၂ စုမှ လူဦးရေ ၁၂၇၀ အတွက် သောက်သုံးရေ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဝင်းထံမှ သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)

 

mdn