နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၁၀/၂၀၂၃)ဖြင့် “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကန်ပိုက်တီမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့ တစ်မြို့ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တရုတ်ဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် “ကန်းပိုင်တီ”၊ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်=ပျက်စီးခြင်း၊ တီ=နေရာ”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းပါ “ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်း” ဟူသော ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် “ကံပိုင်တည်”ဟူသောအမည်အား မြန်မာနိုင်ငံတစ်ဝန်း တစ်ပြေးညီသုံးစွဲနိုင်စေရန် မြို့နေပြည်သူ လူထုများ၊ မြို့မိမြို့ဖများ၏ သဘောထားများဖြင့် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သဘောထား ထောက်ခံချက်ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့မှုအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကာ ယခုကဲ့သို့ အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
“ကံပိုင်တည်”မြို့သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိသောကြောင့် မကြာမီ ကာလတွင် ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့တစ်မြို့အဖြစ် မြင်တွေ့ကြရတော့မည်ဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် သုံးရပ်ကွက်ဖြင့် ဖွဲ့စည်း ခဲ့ပြီး မြို့ တစ်မြို့၊ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ဖြင့် ကန်ပိုက် တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရန် မြို့နယ်ခွဲ စကားရပ်အား ပယ်ဖျက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ မေ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့”အဖြစ်တည်ရှိလာခဲ့သည်။ ကန်ပိုက်တီမြို့သည် ယခင်က ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာ အုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၃၄ ပေတွင် တည်ရှိကာ မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းကြောင်း သိရသည်။
သတင်းစဉ်