ဝိုင်းမော် ၁၇ ဇွန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ ဇွန် ၁၆ ရက် နံနက်က တည်းခိုခန်းတည်းခိုသူ အမျိုးသားတစ်ဦး အခန်းတွင်းသေဆုံးခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက်နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် အမျိုးသားတစ်ဦးရုပ်အလောင်း ရောက်ရှိနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် အောင်မြင့်ဦးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်နေ နေလင်းထွန်း(၂၈ နှစ်) ဆိုသူဖြစ်ပြီး ဇွန် ၁၆ ရက်နံနက် ၇ နာရီခွဲအချိန်တွင် တည်းခိုခန်းအတွင်း ကုတင်ချင်းကပ်လျက်အိပ်သည့် ခန့်ဘော်မှ နေလင်းထွန်းအား လှုပ်နှိုးရာ အသားများအေးစက်ပြီး သေဆုံးနေကြောင်းနှင့် အခန်းတွင်း၌ အဲယားကွန်းနှင့်ပန်ကာမှာ ဖွင့်လျက်ရှိကြောင်း သိရသည်။
သေဆုံးသူ နေလင်းထွန်းမှာ ပုဂ္ဂလိကကျန်းမာရေးအဖွဲ့မှဖြစ်ပြီး အဖော်ဖြစ်သူ ခန့်ဘော်၊ လင်းကိုကို၊ ဂျေဂူဆဲ တို့နှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုအား လေ့လာစာရင်းကောက်ယူရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် နေလင်းထွန်း သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ဝိုင်းမော်မြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)