မြန်မာ့ဆယ့်နှစ်လတွင် ဝါခေါင်လသည် မြစ်ချောင်များ ကမ်းလုံးပြည့် ရေကြီးရေလျှံသောလဖြစ်သည်။ “သီသိန်ငယ် နေမိန္ဓရ၊ ဝါခေါင်လမို့၊ တောင်မာ့လွတ်စွန် သရဝဏ်လဲ၊ ရောင်ဝှန်ဆာဇာ ပန်းခတ္တာနှင့် ခိုင်ညှာပွင့်ကြူ တိုင်းပြည်သူတို့ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကိုဆေးရိန် ပဠုန်မှူးက၊ မြူးလှတယ်လေး" ဟူ၍ မဟာအတုလမင်းကြီးက စပ်ဆိုခဲ့ရာ ဝါခေါင်လစာရေးတံ အလှူပွဲကို ရှေးအခါက စည်စည်ကားကား ကျင်ပခဲ့သည်ဟူ၍ မှန်းဆကြည့်နိုင်သည်။
စာရေးတံမဲချ၍လှူဒါန်းသော စာရေးတံအလှူပွဲသည် ဘုရားရှင် လက်ထက်ကပင် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ မည်သည့်ရဟန်း၊ မည်သို့ပုဂ္ဂိုလ်ကို လှူမည်ဟူ၍ ရွေးချယ်မရဘဲမဲကျရာ ရဟန်းသံဃာကိုသာ လှူဒါန်းရခြင်းဖြစ်သည့်အတွက် သံယိကဒါနဖြစ်သလို အကျိုးလည်းထူးပါသည်။ စာရေးတံမဲကျင်းပရာတွင် ယခုခေတ်၌ စက္ကူမဲလိပ်ဖြင့် မဲချကြသော်လည်း ရှေးအခါကမူ သစ်သားတုတ်တံ၊ ဝါးခြမ်းပြား၊ ပေရွက်ထန်းရွက် စသည်တို့တွင် ဆွမ်းအလှူဒါယကာ၏ အမည်ကိုရေးသားကာ တောင်းထဲတွင် ထည့်မွှေပြီး ဆရာတော် သံဃာတော်များက ဝါစဉ်အလိုက် မဲနှိုက်ကြရပြီး မဲကျရာ ဒါယကာတို့၏အိမ်သို့ ကြွရောက် ဆွမ်းဘုဉ်းပေးကြရခြင်းဖြစ်သည်။ ယခုခေတ်တွင်မူ စာရေးတံမဲပွဲ ဦးဆောင်သူ ဒါယကာများက မိမိတို့ ရပ်ကွက်ကျေးရွာရှိကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၏ စာရင်းကို ဘွဲ့အမည်နှင့်တကွ ကောက်ယူပြီး မဲလိပ်တွင် ဘွဲ့အမည်ကို ရေးသားကာ ဆွမ်းလှူမည့် ဒါယကာများက မဲလိပ်နှိုက်ယူပြီး မဲကျရာရဟန်း သံဃာကို ဆွမ်းကျွေးလှူဒါန်းကြရခြင်းဖြစ်သည်။ စာရေးတံမဲ လှူဒါန်းခြင်းသည် နိဗဒ္ဓပုညကုသိုလ် ခုနစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ပြီး သေလွန်သည့်နောက် အပါယ်မရောက်ဘဲ ဂတိမြဲကာ သုဂတိ ဧကန်ဖြစ်ခြင်းဟူသော အကျိုးထူးကို ရရှိနိုင်ကြသည်။
ဝါခေါင်လ၏ ထူးခြားမြင့်မြတ်သောနေ့မှာ ဝါခေါင်လပြည့် “မေတ္တာအခါတော်နေ့” ဖြစ်သည်။ မေတ္တာ၏ တရားကိုယ်သဘောမှာ “အဒေါသ" ပင်ဖြစ်သည်။ ဒေါသသည် ခက်ထန်ကြမ်းတမ်းခြင်း ပြစ်မှားခြင်း၊ ဖျက်ဆီးခြင်းသဘောတို့ဖြင့် လောကကို လောင်မြိုက်သည်။ ဖရိုဖရဲပြိုကွဲသည်။ ဒေါသဖုံးလွှမ်းနေသည့် လောကသည် အေးငြိမ်းချမ်းသာခြင်းတို့ ပျောက်ကွယ်ကာ ပူလောင်ခြင်း၊ ပျက်စီးခြင်း အတိသာဖြစ်သည်။ သို့ဖြစ်ရာ လောကကြီး ငြိမ်းချမ်းသာယာ ရန်အတွက်မှာလောကအလုံးစုံကို မေတ္တာဓာတ်ဖုံးလွှမ်းဖို့လိုသည်။ ဒေါသကို မေတ္တာဖြင့် ပယ်ရှားကြဖို့လိုသည်။ မေသည် အဒေါသဖြစ်ပြီး သူ့အကျိုးကို လိုလားခြင်းဖြစ်သည်။ မေတ္တာဖြင့် ဖွဲ့နှောင်သည့်လောကကြီး ငြိမ်းအေးသည်၊ ချမ်းသာသည်။ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ဆော့ထားနိုင်ကြသည်နှင့်အမျှ၊ အပြန်အလှန်အကျိုး လိုလားကြသည်နှင့်အမျှ လောကကြီးမှာလည်း ငြိမ်းချမ်းသာယာသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်း မေတ္တာတရားပွားများနိုင်ကြရန်၊ မြင့်မြတ်သည့်ကျင့်စဉ်ဖြစ်သော မေတ္တာဘာဝနာအကျင့်ကို ကျင့်သုံး နိုင်ကြရန်လိုသည်။
မေတ္တာတရားပွားများရာတွင် အနန္တစကြဝဠာနှင့် အနန္တသတ္တဝါတို့ကို အာရုံပြု၍ အပိုင်းအခြားမရှိ ပွားများရခြင်းဖြစ်သည်။ မေတ္တာထားသည် ဆိုရာ၌လည်း မိခင်သည် မိမိ၏ တစ်ဦးတည်းသော သားငယ်ကို မိမိသက်ထက်ပင်ပို၍ မေတ္တာထားသကဲ့သို့ သတ္တဝါများအပေါ်၌ မေတ္တာထားကြရန် ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ မေတ္တာတရားကို ကောင်းစွာအားထုတ်ပါက ချမ်းသာစွာ အိပ်စက်ရခြင်း၊ ချမ်းသာစွာ နိုးထရခြင်း၊ မကောင်းသည့် အိပ်မက်မမက်ခြင်း၊ လူတို့ ချစ်နှစ်သက်ခြင်း၊ နတ်တို့ မြတ်နိုးခင်မင်ခြင်း၊ နတ်တို့စောင့်ရှောက်ခြင်း၊ မီးအဆိပ် လက်နက်တို့ မသင့်ခြင်း၊ ငြိမ်သက်တည်ငြိမ်သည့် စိတ်ရှိခြင်း၊ မျက်နှာရုပ်ဆင်းကြည်လင်ခြင်း၊ မတွေဝေဘဲ သေရခြင်း၊ သေလွန်သည့်အခါ ဗြဟ္မာပြည်သို့ လားရခြင်းဟူသော အကျိုး ၁၁ ပါးတို့ကို မချွတ်ဧကန်ရနိုင်ကြမည်ဟူ၍ ဘုရားရှင်က ဟောကြားတော်မူခဲ့ ပါကြောင်း။ ။
မြန်မာ့အလင်း