နေပြည်တော် စက်တင်ဘာ ၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့ ဝါခေါင်လပြည့် ကျော်တစ်ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိသည်။

 

ထိုသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့်  ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊  သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့်  နဂါးရုံ ဘုရား၊ ရေပန်းရင်ပြင်၊  မာရဝိဇယကျောင်းတော်၊  အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ  ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်ကြသည်။ ထို့ပြင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့  မင်းကျောင်းပထမပြန် စာသင်တိုက်၊  ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ဆရာတော် ကြီး အမှူးပြုသည့် အလှူရှင် များက ငွေကျပ်သိန်း ၂၄၀၀ လှူဒါန်းမှုအပါအဝင်  အခြား သော ဘုရားဖူးလာပြည်သူများက ကြည်မညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာ ဖြင့် အလှူငွေများကို ပေးအပ် လှူဒါန်းကြသည်။

 

မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့  လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့်  သက်ကြီးဘိုးဘွားများအား  ကျန်းမာရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန်အခက်အခဲဖြစ်သည့် သက်ကြီးဘိုးဘွားများအား အဆင်ပြေစွာ ဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးကြသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူပြည်သူများ အသက်သာဆုံး ဖြစ်စေရေးအတွက် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြား ဗီဒီယို မှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့် နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏  ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့်  ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်