နုခန့်ယဉ်(ရစ်ကန်ကြီး)

 

ဝါခေါင်လ

 

ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်သည်။  ဝါခေါင်လသည် မိုးဥတုတွင် ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ” လ ဟုခေါ်သည်။ ပုဂံခေတ်ကျောက်စာများတွင် ဝါခေါင်လကို   ဝါခေါင်ဟု   လည်းကောင်း၊ နံကာလဟုလည်းကောင်း ရေးထိုးထားကြောင်းတွေ့ရသည်။ နံကာလ၏ အဓိပ္ပာယ်မှာ မိုးဖြိုင်ဖြိုင် ရွာသွန်းသော လဖြစ်သောကြောင့်‌ တောင်သူလယ်သမားများ စပါးစိုက်ပျိုးချိန်၊ လယ်လုပ်ချိန်၊ စိုက်ပျိုးချိန်လ၊ လယ်လုပ်ချိန်လဟုဆိုသည်။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ရာသီရုပ်ခြင်္သေ့၊ ရာသီပန်း ခတ္တာ၊ရာသီပွဲတော် စာရေးတံပွဲဖြစ်သည်။

 

ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ တွင် နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်ရွယ်၍ ဦးယာက “တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊ သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊ မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက် တည်း” ဟူ၍ စပ်ဆိုခဲ့၏။

 

မေတ္တာအခါတော်နေ့

 

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏ မေတ္တသုတ်တော်ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရားသည် သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ စဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ တောအုပ်အတွင်း ပုရိမဝါဆိုတရား အားထုတ်ကြသည်။ ထိုအခါ ရဟန်းတို့၏ သီလ ကြောင့် သစ်ပင်ဗိမာန်မှနတ်တို့ ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါ ရဟန်းတို့တရားရှုမှတ်၍မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများ ကြသည့်အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောကြားပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။

 

ထို့နောက် ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မစ၍ ဒုတိယ ဝါကပ်ကြပြီး မြတ်စွာဘုရားသင်ပြတော်မူသည့်အတိုင်း နတ်တို့နှင့်တကွ အားလုံးသော သတ္တဝါ ဝေနေယျတို့ အပေါ် မေတ္တာဖြန့်လျက်ပို့လွှတ်သောအခါ နတ်များက ကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းငါးရာတို့သည် ရဟန္တာ ဖြစ်သွားကြသည်။ ရဟန်းငါးရာတို့သည် ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်မှ မေတ္တသုတ် ဒေသနာတော်ကို ဟောကြားတော် မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။

 

မေတ္တသုတ်ဒေသနာတော်နှင့် ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူး

 

ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်ဒေသနာတော်တွင် လူနတ်ဗြဟ္မာတို့လိုက်နာရမည့်အချက် ၁၅ ချက်ကို ဟောကြား ထားသည်။ ၎င်းတို့မှာ “မေတ္တာစိတ်ကို တစိုက်မတ်မတ် စွမ်းနိုင်အောင် ပွားများရပါမည်။ ကိုယ်၊ နှုတ်နှစ်ပါးလုံး ရိုးသားဖြောင့်မတ်ရာတွင် သာမန်မဟုတ်ဘဲ အလွန်ကောင်းစွာဖြောင့်မတ်ရပါ မည်။ ဆိုဆုံးမလွယ်သူဖြစ်ပြီး စိတ်ထားမှာလည်း နူးညံ့သိမ်မွေ့ရပါမည်။ မိမိကိုယ်ကို အထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေးခြင်းဆိုသည့် မာန်မာန မထားရပါ။ ရောင့်ရဲလွယ်တတ်ပြီး အသက်မွေးမှု ပညာရှိရပါမည်။ အမှုကိစ္စတို့ နည်းပါးသင့်ပြီး ပေါ့ပါး သော အသက်မွေးမှုရှိရပါမည်။ ငြိမ်သက်သော ဣန္ဒြေရှိပြီး ရင့်ကျက်တည်ငြိမ်သည့် ပညာဉာဏ်လည်းရှိ ရပါမည်။ ကိုယ်၊ နှုတ်၊ နှလုံးကြမ်းတမ်းခြင်း မရှိစေရ။ အမျိုးလေးပါးတို့တွင် တပ်မက်မှုမရှိဘဲ ဒုစရိုက်တို့ကို အနည်းငယ်မျှမပြုကျင့်ရာ”တို့ ဖြစ်ကြ ပါသည်။

 

မေတ္တသုတ်ရွတ်ဖတ်ပူဇော်မှုနှင့် မေတ္တာဓာတ်၏ အကျိုးတရားများနှင့်ပတ်သက်၍ “မေတ္တာဂုဏ်

 

ရည်၊ ဆယ့်တစ်လီကား၊ အညီသတ္တာ၊ မလပ်ပါအောင်၊ ခါခါနေ့စဉ်၊ မေတ္တာယှဉ်မူ၊ ကြည်လင် အိပ်ပျော်၊ ထချိန်တော်၍၊ နိုးသော်ရွှင်ရွှင်၊ အိပ်မက် မြင်လည်း၊ အစဉ်ကောင်းစွာ၊ မြင်မက်ရာ၏၊ ပြည်ရွာလူသား၊ နတ်အများလည်း၊ မြင်ကြားသမျှ၊ ချစ်ခင်ကြသဖြင့်၊ ဒေဝထွေထွေ၊ စောင့်ရှောက်လေ၏၊ မီးရေ ခိုးသူ၊ များရန်သူလည်း၊ မယူမဖျက်၊ မနှောင့်ယှက်တည်း၊ စိတ်ဓာတ်လည်းတည်၊ မျက်နှာကြည်၍၊ သေမည်ခါချဉ်း၊ တွေဝေကင်း၏။ မှန်းရင်းဓမ္မ၊ မဂ်မရလည်း၊ ဈာန်ရလေလစ်၊ ဗြဟ္မာဖြစ်သည်၊ ဆယ့်တစ်မေတ္တာ အကျိုးတည်း”ဟူ၍ မဟာဂန္ဓာရုံ ဝတ်ရွတ်စဉ်တွင် ရေးသားထားပါသည်။

 

မေတ္တာပို့သူသည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှ နိုးထရသည်။ မကောင်း သောအိပ်မက်များ မမြင်မက်ဘဲ လူအများ၏ချစ်ခင်မှု ကိုရစေ၏။ ပရလောကသားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက်ကြသည်။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေးတို့ မထိရောက်ပါ။ ကမ္မဋ္ဌာန်းတစ်ခုခု ကို အာရုံပြုမည်ဆိုလျှင် သမာဓိရလွယ်၏။ မေတ္တာစိတ်ကြောင့် မျက်နှာမှာ ကြည်လင်နေပြီး သေဆုံး ခါနီးအချိန်တွင် ချမ်းသာသုခဖြင့် သေဆုံးရပါသည်။ ယခုဘဝတွင် မဂ်ဖိုလ်မရနိုင်လျှင်သော်မျှ မေတ္တာ ဈာန်ဖြင့်ဗြဟ္မာပြည်ကို ရောက်နိုင်ပါသည်။

 

မေတ္တာဟူသည်မှာ ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်း သဘောဟုအဓိပ္ပာယ်ရသည်။ မေတ္တာဟူသည် အေးမြသော ဓာတ်လည်းရှိသည်။ ရှေးလူကြီးများက သတ္တဝါအားလုံးအပေါ်တွင် မေတ္တာထားပါ၊ မေတ္တာ ဖြင့်သာ ဆက်ဆံပါ၊ မေတ္တာရောင်ပြန်ဟူသည် သာယာချမ်းမြေ့သော ဘဝကိုပိုင်ဆိုင်စေသည်ဟု ဆိုဆုံးမလေ့ရှိသည်။ လူအချင်းချင်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ စကားပြောဆိုရာ၌ လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌လည်းကောင်း မေတ္တာဟူသည့်ချစ်ခြင်းသဘောကို အခြေခံကြရမည်ဖြစ်သည်။ လောကတွင် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ခြင်းသည် လူသားအားလုံးအတွက် အေးမြလုံခြုံသောဘဝကိုသာ ပိုင်ဆိုင်ရရှိစေပါသည်။

 

မေတ္တာသည် ရေဓာတ်နှင့် တူညီပေသည်။ ရေသည် မိမိထက်မြင့်သော ကုန်းမြင့်များထက်သို့ တိုင်အောင် စိုစွတ်အေးမြစေသည်။ မေတ္တာဓာတ်များပြားလာလျှင်လည်း ထိုမေတ္တာများသည် ကုန်းမြင့်နှင့်တူသော မိမိ၏ရန်ဘက်များကို ဖျန်းပက်သကဲ့သို့ အေးမြစေပါသည်။ မေတ္တာရေအလျင်သည် မိမိ၏အကျိုးကို မမျှော်ကိုးဘဲ စိမ့်စမ်းရေကဲ့သို့ တသွင်သွင်စီးဆင်းစေပြီး မိမိသာမက သူတစ်ပါးကိုလည်း အေးမြစေပါသည်။ ဗုဒ္ဓဘာသာတွင် မေတ္တာတရားသည် အပြန်အလှန်ရှိကြရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ မိမိအပေါ်၌ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိဘက်မှ အကောင်းအဆိုးဟူ၍ ခွဲခြားခံစားခြင်းမရှိဘဲ မိမိပေးနိုင်သည့် မေတ္တာတရားကိုသာ လူသတ္တဝါအားလုံးအပေါ်၌ ဖြန့်ကြက်ပို့လွှတ် ထားရမည်ဖြစ်ပေသည်။ မေတ္တာအခါတော်နေ့ တရားတော်၌ မေတ္တာပို့ခြင်းကြောင့် မိမိတို့မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်များသည်ပင်လျှင် မေတ္တာတရား၏ အနှစ်သာရကို နှစ်သက်သည်ဟု အေးမြသောအရိပ်၊ ငြိမ်းချမ်းသော ဘဝများကို ပိုင်ဆိုင်နိုင်ရန်အတွက် လူသားတိုင်းမေတ္တာတရားများနှင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ကြရမည်ဖြစ်သည်။

 

မိမိကိုယ်ကိုမေတ္တာပို့ပါ

 

မေတ္တာဟူသည် လူသားတိုင်းနှင့်ဆိုင်သော မမြင်နိုင်သည့် စိတ်စွမ်းအင်တစ်ခုပင်ဖြစ်သည်။ လူသား အားလုံးတို့သည် မိမိကိုယ်ကို မေတ္တာထားရန် လိုအပ်ပါသည်။ မိမိကိုယ်ကို မေတ္တာပို့သည်ဟူသော အဓိပ္ပာယ်မှာ မိမိသာလျှင် ကောင်းကျိုးရစေသည့် အတ္တဗဟိုပြုသည့် တစ်ကိုယ်ကောင်းဆန်သော စိတ်ထားမျိုး ရှိရမည်မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရရှိရန်အတွက် သူတစ်ပါးအပေါ်တွင် မရိုးသားသော အပြုအမူ၊ အပြောအဆိုတို့ မပြုလုပ်မိစေရန် မိမိစိတ်အား ပြုပြင်ထိန်းသိမ်းထားခြင်းပင် ဖြစ်သည်။ မိမိ၏ကိုယ်စိတ်နှလုံး သုံးပါးလုံးကို အပြစ်တစ်စုံတစ်ရာမဖြစ်အောင် ထိန်းချုပ်ထားသဖြင့် လူသားတို့အပေါ် အလေးထားမှုဖြင့် မေတ္တာ တရားကို ဖြန့်ကြက်ထားနိုင်ရန် ဖြစ်ပါသည်။

 

မိမိကိုယ်ပိုင်စိတ်စွမ်းအားသည် အေးချမ်းသည်နှင့်အမျှ တစ်ပါးသူတို့အား ပေးဝေငှသော အကြောင်း အရာဟူသမျှတွင်လည်း မေတ္တာဓာတ်ဟူသော အေးချမ်းခြင်းတို့ သက်ဝင်နေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ မိမိကိုယ်ကို မေတ္တာပို့ခြင်းသည် မိမိသာမက တခြားသူတို့အားလည်း မေတ္တာပို့လွှတ် အေးချမ်းခြင်းများ ရရှိစေသည်ကို လူသားတိုင်း သတိပြုဆင်ခြင်ကြရန် လိုအပ်ပေသည်။ ထို့ကြောင့် နေ့တစ်နေ့တာ၏အစ၌ပင် မိမိကိုယ်ကို မိမိ မေတ္တာပို့ခြင်းကို မမေ့မလျော့ ဆောင်ရွက်သင့်ကြပေသည်။

 

မေတ္တာပို့ပါ

 

လူ့ဘောင်လောကတွင် လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်၊ မိသားစုစသည်ဖြင့် အုပ်စုဖွဲ့၍ ရောနှော နေထိုင်ကြရသည်။ ထိုသို့နေထိုင်ကြရာ၌ စရိုက်မတူ၊ အသွင်မတူ၊ ခံယူချက်၊ ယုံကြည်ချက် မတူညီကြသကဲ့သို့ ဘာသာဓလေ့ထုံးတမ်းများ လည်း မတူညီကြချေ။ သို့သော်လည်း လူသား တစ်ယောက်၏ အခွင့်အရေးသည် ညီတူညီမျှ ခံစားခွင့်ရှိကြပေရာ လူသားအချင်းချင်း မာန်မာနထောင်လွှားခြင်းမရှိဘဲ မေတ္တာတရားဖြင့် ဆက်ဆံ ပေါင်းသင်း နေထိုင်ကြရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ပင် ဖြစ်ပေသည်။ မေတ္တာပို့ကြသည် ဆိုရာ၌ တစ်ပါးသူအား ပျက်စီးရာပျက်စီး ကြောင်းဖြစ်စေရန် ပေးပို့ရခြင်းမဟုတ်ပေ။ မိမိအပေါ် မကောင်းသူအား မေတ္တာသာပို့လိုက်ပါဟု အလွယ်ပြောတတ်လေ့ရှိကြသည်။ မည်သို့သောအခြေအနေ အချိန်အခါ၌မဆို သတ္တဝါအားလုံး၏ ကောင်းကျိုးလိုရာကို ဖြစ်ပေါ်စေသည့် စိတ်ဆန္ဒဖြင့် မေတ္တာပေးပို့မှသာလျှင် မိမိကိုယ်တိုင် သာမက မေတ္တာပေးပို့ခံရသူတို့လည်း အေးမြခြင်းကို ခံစား ကြရပေမည်။ မေတ္တာဟူသည် အအေးဓာတ်ဆောင် သောကြောင့် အမုန်းတရားကင်းဝေး၍ အေးချမ်း ခြင်းကို ခံစားကြရပေမည်။

 

မေတ္တာဖြင့်လောကကိုအလှဆင်ပါ

 

လူ့လောကကြီးတစ်ခုလုံး သာယာငြိမ်းချမ်းရန် အတွက် မေတ္တာအရင်းခံစိတ်သည် လူသားတိုင်းတွင် ကိန်းအောင်းတည်ရှိရန် လိုအပ်ပါသည်။ ကိုယ်ချင်းစာတရားထားတတ်လျှင် မေတ္တာစိတ် သည် လူသားတို့၏ ရင်ထဲကိန်းအောင်းလာမည် ဖြစ်သည်။ မေတ္တာဓာတ်ကိန်းအောင်းသည်နှင့် အမျှ မိမိကိုယ်တိုင်အေးချမ်းသကဲ့သို့ သူတစ်ပါးကိုလည်း အေးချမ်းမှုသာ ပေးအပ်ချင်လာပါလိမ့်မည်။ မေတ္တာတရားဖြင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင် ပါလျှင် ဤလောက၌ အမုန်းတရားရှိလိမ့်မည်မဟုတ်။ အမုန်းတရားကင်းစင်သောကြောင့် ရန်ငြိုး ရန်စဟူသည်လည်း မရှိတော့ပေ။ သံသယဟူသော အတွေးမှား၊ အမြင်မှားတို့သည်လည်း အလျဉ်းမရှိဘဲ ငြိမ်းချမ်းနေပေလိမ့်မည်။ ထို့ကြောင့် အပြုံးလှလှ၊ နှလုံးလှလှဖြင့် အမုန်းစကားမဆိုဘဲ မေတ္တာနှင့် လောကကို အလှဆင်ကြရပေမည်။ မေတ္တာပွား နေရုံမျှနှင့် မရောင့်ရဲဘဲ မိမိ၏ စိတ်နှလုံးတွင် မေတ္တာစိတ်ကို အစဉ်ကိန်းအောင်းနေရန် လေ့ကျင့် ကြိုးစားအလှဆင်ကြပါစေကြောင်း ရေးသား တိုက်တွန်းလိုက်ရပါသည်။