ဝါးခယ်မ ၁၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးထိခိုက်မှု သက်သာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်စေရေးအတွက် တိရစ္ဆာန် မွေးမြူရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းများကို ဇူလိုင် ၉ ရက်မှစကာ ကနစိုးကုန်းကျေးရွာ၌ ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းများကို ဝါးခယ်မမြို့နယ်အတွင်း ကနစိုးကုန်း၊ ငှက်ကျ၊ ဦးကြီးထော်၊ ကျီးချောင်း၊ အုန်းပင်စု၊ ကျုံစိန်၊ ထီးပနန်း၊ ထန်းပင်စု၊ လမ်းသမိုင်ရွာကြီး၊ တံတားကြီးကျေးရွာများတွင် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ ကျွဲနွားမွေးမြူထုတ်လုပ်သင်တန်း၊ သိုးဆိတ်မွေးမြူထုတ်လုပ်သင်တန်း၊ ဝက်မွေးမြူ ထုတ်လုပ်သင်တန်း၊ ကြက်မွေးမြူ ထုတ်လုပ်သင်တန်းများကို ဇူလိုင် ၉ ရက်နေ့မှ စကာ စက်တင်ဘာလကုန်အတွင်း ကျေးရွာအသီးသီး၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာများရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်လာနိုင်ခြင်း၊ သားငါးကဏ္ဍ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်နန်း၏ ပြောပြချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)


