ဝါးခယ်မ  ၃  မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျုံလတာ ကျေးရွာအုပ်စု၊ ကြီးနီစုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို  ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

369

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဝါးခယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် ဝန်ထမ်းများက  ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကြီးနီစုကျေးရွာ၌  ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ကြီးနီစုကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၁၅၂၅ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ခြောက်လက်မ ထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀ဝ ၊ ကျေးရွာပြည်သူများထည့်ဝင်ငွေကျပ် ၃၀ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၃၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝါးခယ်မမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကြီးနီစုကျေးရွာအပါအဝင် ကျေးရွာ ပေါင်း ၁၁ ရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်