ဝါးခယ်မ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်လမ်း အမှတ်(၁၀)ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး ဝါးခယ်မ-မြောင်းမြလမ်းပေါ်၌ ပြန်မလော့မြစ်ကို ဖြတ်၍ ကျွန်းကုန်းတံတား တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တံတားခံနိုင်ဝန် ၇၅ တန် အဆိုပါ ကျွန်းကုန်းတံတားသစ်သည် အရှည်စုစုပေါင်း မီတာ ၂၄၀ ရှိပြီး တံတားအကျယ်ပေ ၃၀ နှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် သုံးပေစီပါဝင်သည်။ ရေလမ်းကင်းလွတ်အကျယ် ပေ ၁၂၀ နှင့် အမြင့် ၁၈ပေရှိကာ တံတားခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်သည်။
တံတားသစ်၏အပေါ်ထည်မှာ သံကူကွန်ကရစ်ရက်မ၊ သံမဏိသံပေါင်ရက်မ သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ပြီး အရှည်မီတာ ၅၀ စီရှိ သံမဏိ သံပေါင်နှစ်ခန်းနှင့် အရှည်မီတာ ၆၀ရှိသံမဏိသံပေါင် တစ်ခန်းတို့ ပါဝင်တည်ဆောက်ထားပြီး ဝါးခယ်မဘက်ကမ်းနှင့် မြောင်းမြဘက်ကမ်း၌ အရှည်မီတာ ၂၀ စီပါဝင်သော သံကူကွန်ကရစ်ရက်မ နှစ်ခန်းစီ ပါဝင်တည်ဆောက်ထားကာ တံတားအောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း၊ တံတားအောက်ခံအုတ်မြစ်များကို အချင်း ၁ ဒသမ ၅ မီတာ နှင့် ၁ ဒသမ ၂ မီတာရှိသည့် သံကူကွန်ကရစ် ဘိုးပိုင် များဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
တံတားသစ် တည်ဆောက်လိုက်သောကြောင့် ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ဝါးခယ်မမြို့ နယ် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အမှတ်(၁၀)လမ်းမကြီးပေါ် တည်ရှိသော စော်ကဲတံတား၊ ကျွန်းပြဿဒ်တံတား၊ ဝါးခယ်မတံတားနှင့် ကျွန်းကုန်းတံတားတို့ကို ဖြတ်သန်း၍ မြောင်းမြမြို့နှင့် ပုသိမ်မြို့သို့ အချိန်တိုအတွင်း မြန်ဆန်စွာ သွားလာနိုင်ကြတော့မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂)ညွှန်ကြားရေးမှူး(မြို့ပြ)ထံမှ သိရသည်။
သတင်း-ပွင့်သစ္စာ၊
ဓာတ်ပုံ-စိုးမြင့်အောင်


