ဝါးခယ်မ ၁၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂ / ၄ ) ရှိ ကျွန်းပြဿဒ် တံတား တည်ဆောက်ရေး စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂) မှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးသွားပြီးဖြစ်သောကြောင့် တံတားတစ်စင်းလုံး တည်ဆောက်နေမှု ( ၈၅ ) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်နေသည့် တည်ဆောက်ရေး အဖွဲ့ (၂) ထံမှ သိရသည်။
အဆိုပါ ကျွန်းပြဿဒ်တံတားသည် အရှည်မီတာ ၇၂၀ ၊ အကျယ်မှာ ၇ ဒသမ ၅ မီတာရှိပြီး လူသွားလမ်း အကျယ် တစ်ဖက်လျှင် တစ်မီတာစီ ပါဝင်သော နှစ်လမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ ၉၀ အရှည်ရှိသည့် သံမဏိသံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး အောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ကြောင်း၊ ချဉ်းကပ်တံတားများအား မီတာ ၃၀ အရှည်ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မများဖြင့် တည်ဆောက်ထားကြောင်း၊ တံတား ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကျွန်းပြဿဒ်တံတား အုတ်မြစ် ရေလယ်တိုင်များကို ၁ ဒသမ ၅ မီတာ နှင့် ၁ ဒသမ၂ မီတာ အချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် အသုံးပြုတည်ဆောက်ထားပြီး သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်းဖွင့် သုံးခန်း၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့် ၁၅ ခန်း ပါရှိကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် အကျယ်ပေ ၂၄၀ ရှိကြောင်း တာဝန်ယူ တည်ဆောက်နေသည့် တည်ဆောက်ရေး အဖွဲ့ (၂) ထံမှ သိရသည်။
အလားတူ ကျွန်းပြဿဒ်တံတားနှင့် ငါးမိုင်ကျော် ကွာဝေးသော မိုင်တိုင် (၁၇/ဝ)၌ စော်ကဲတံတားအား စော်ကဲ မြစ်ပေါ်၌ တည်ဆောက် လျက်ရှိပြီး တံတားအရှည် မီတာ ၇၅၀ ရှိကာ ကျွန်းပြဿဒ် တံတား၏ အရှည်ထက် မီတာ ၃၀ ပိုကြောင်း၊ တံတား၏ အကျယ် ၊ အပေါ်ထည်နှင့် အောက်ထည်လုပ်ငန်းများ ၊ အုတ်မြစ် အမျိုးအစားများ၊ ရေလမ်း ကင်းလွတ် အမြင့် နှင့် အကျယ် အပါအဝင် တံတားခံနိုင်ဝန်များမှာ ကျွန်းပြဿဒ် တံတားတည်ဆောက်ထားသည့် ပုံစံနှင့် အလားသဏ္ဍာန် တူညီပြီး သံမဏိသံပေါင် မီတာ (၉၀) ရှိသော တံတားခန်းဖွင့်သုံးခန်းရှိကာ ကြိုတင် အားဖြည့် သံကူ ကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့် ၁၆ ခန်း ပါရှိကြောင်း သိရသည်။
ယခုအခါ ကျွန်းပြဿဒ်တံတား နှင့် စော်ကဲတံတားများ၏ ပင်မတံတားသံပေါင် မီတာ ၉၀ ခန်းဖွင့် တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက် ပြီးစီးပြီဖြစ်ပြီး ကြမ်းခင်းလုပ်ငန်းများနှင့် အချောသတ် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ တံတားနှစ်စင်းလုံး စက်တင်ဘာလ ကုန်ပိုင်းအတွင်း အချိန်မီတည်ဆောက်ပြီးစီးရေး အတွက် ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကာယဉာဏ လုပ်သားများက နေရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း စီမံကိန်းတာဝန်ခံဖြစ်သည့် တည်ဆောက်ရေးအဖွဲ့ (၂) မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်သီဟထံမှ သိရသည်။
ကျွန်းပြဿဒ်တံတားနှင့် စော်ကဲတံတား နှစ်စင်းလုံး တည်ဆောက်ပြီးစီးပါက မော်လမြိုင်ကျွန်းနှင့် ဘိုကလေးမြို့နယ် ရှိဒေသခံပြည်သူများ အနေဖြင့် ခရိုင်မြို့ဖြစ်သည့် လပွတ္တာ မြို့အပါအဝင် ဧရာဝတီ တိုင်းဒေသကြီး မြို့တော်ဖြစ်သည့် ပုသိမ်မြို့သို့သွားရောက်ရန် မိုင် ( ၇၀ )ခန့်အချိန်အားဖြင့် နှစ်နာရီခွဲခန့် အချိန်ကုန်သက်သာစေမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေထွက်ကုန်ပစ္စည်းများ၏ ကုန်စည်စီးဆင်းမှုမှာလည်း ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့ သွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက် )


