ဝါးခယ်မ အောက်တိုဘာ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် (၆) လုံး ယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် ရွှေလောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား (၅၅) ပေ၊ အနံ (၂၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သောနေအိမ် (၆) လုံးနှင့် မိသားစုဝင် (၂၂) ဦးတို့အား ရွှေလောင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

 

အထက်ပေကုန်းကျေးရွာအုပ်စုတွင် အထက်ပေကုန်းကျေးရွာ (၁) ရွာတည်းရှိပြီး အိမ်ခြေ (၅၇၈) လုံး၊ အိမ်ထောင်စု (၅၈၂) စု၊ လူဦးရေ အမျိုးသား (၁၂၄၁) ဦး၊ အမျိုးသမီး (၁၂၇၈) ဦး၊ စုစုပေါင်း (၂၅၁၉) ဦးတို့ နေထိုင်ကြောင်းနှင့် ၎င်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါးအနီးတွင် တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

 

စောသန္တာဦး (ဝါးခယ်မ ပြန်/ဆက်)