ဝါးခယ်မ ၃၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းမှ ဒေသအသီးသီးသို့ ပြေးဆွဲလျက်ရှိသော အဝေးပြေး မော်တော်ယာဉ်လိုင်းများအား မေလ ၁၅ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
ဝါးခယ်မမြို့နယ်အတွင်း ဒေသအသီးသီးသို့ ပြေးဆွဲလျက်ရှိသော အဝေးပြေး မော်တော်ယာဉ်လိုင်း စုစုပေါင်း ၁၂ လိုင်း ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောမတီမှ ညွှန်ကြားချက်အရ ယခင်က ဧပြီ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီပိတ်ထားသော်လည်း ယခုတွင် မေလ ၁၅ ရက်နေ့အထိ ထပ်တိုး သတ်မှတ်ကြောင်း မြို့နယ် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်၏ ပြောပြချက်အရ သိရသည်။
ဝါးခယ်မမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးအတွက် ကုန်တင်ယာဉ်များ၊ သာမန်အိမ်စီးယာဉ်ငယ်များကို ယာဉ်မောင်းအပါအဝင် ၅ ဦးထက်မပိုမှသာ သွားလာခွင့်ပြုပြီး ခရီးသွားလာပါက သက်ဆိုင်ရာ ခရီးသွားထောက်ခံချက်များ ပါရှိမှသာ မြို့နယ်အတွင်း ဝင်ထွက်ခွင့်ရရှိမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


