ဝါးခယ်မ   ၂၄   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများအား မြို့နယ်ပညာရေးမှူး၏ ဦးဆောင်မှုဖြင့် မေလဆန်းမှ စကာ စာသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဝါးခယ်မမြို့နယ်မှာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်နဲ့ ဘကကျောင်း အပါအဝင်ပေါ့ စာသင်ကျောင်း စုစုပေါင်း ၃၄၅ ကျောင်းရှိတယ်။ နေ့စားလုပ်သားအပါအဝင် ဆရာ၊ ဆရာမဦးရေ စုစုပေါင်းဆိုရင် ၃၀၆၂ ဦး ရှိပါတယ်။ ပညာရေးဝန်ထမ်း တစ်ဦးစီကို ဆန် ခြောက်ပြည်နဲ့ ဆီ တစ်ပိဿာနှုန်း ထောက်ပံ့ပေးအပ်သွားမှာပါ။ ဒီကိုဗစ် ၁၉ ရောဂါ ကာလအတွက် စားသောက်မှု အဆင်ပြေစေရေးကို ရည်ရွယ်ပြီးတော့ မြို့နယ်မှာရှိတဲ့ ပညာရေး ငွေစုငွေချေး သမဝါယမအသင်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ထောက်ပံ့ပေးမှာ ဖြစ်တယ်။ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုတွေနဲ့ အညီ လူစုလူဝေးမဖြစ်စေရေးအတွက် ကျောင်းအုပ်စုအလိုက် ခွဲဝေပေးသွားမှာပါ" ဟု မြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းလဲ့က ပြောသည်။

 

ယင်းသို့ ပညာရေး ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် မြတ်ပညာ ငွေစုငွေချေးသမဝါယမအသင်းမှ သိန်း ၁၈၀၊ GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းမှ ၁၁၅  သိန်း၊ မြတ်ရွှေကျုံရတနာ ငွေစုငွေချေး သမဝါယမအသင်းမှ ၅ သိန်း၊ စုစုပေါင်း သိန်း ၃၀ဝ ကို တာဝန်ရှိသူများက ထည့်ဝင် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)

 

mdn