ဝါးခယ်မ   ၂၈   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ပြည်သူများအား မော်တော်ယာဉ်များ စနစ်တကျ စီးနင်းသွားလာမှု ရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ရေကျော်ရပ်ကွက် မြူရုံလမ်း၌ ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီယာဉ်များမှ ယာဉ်မောင်းများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များ စီးနင်းသွားလာရာတွင် လိုက်နာရမည့် စည်းကမ်းများအား အသိပညာပေးခြင်းနှင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို အသိပညာပေး စတေကာများ ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေးရာတွင် ဆိုင်ကယ်စီးနင်းသူများအနေဖြင့် နှစ်ဦးထပ်ပို၍ စီးနင်းမှု မရှိစေရေး၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကာ စီးနင်းသွားလာစေရေး၊  ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆိုင်ကယ်နှင့် မော်တော်ယာဉ်မောင်းများ အနေဖြင့် သတ်မှတ်စည်းကမ်းများအား တိကျစွာ လိုက်နာစေရေးတို့ကို အသိပညာပေး ဟောပြောကာ သတ်မှတ် စည်းကမ်းချက်များနှင့် ပြည့်စုံသော ဆိုင်ကယ်ယာဉ်မောင်းများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)