ဝါးခယ်မမြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကျူဖျာရက်လုပ်

ဝါးခယ်မ ၂၇ စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာမှ ဒေသခံပြည်သူများသည် မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကျူဖျာရက်လုပ်ခြင်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

"ကျေးရွာက ဒေသခံတော်တော်များများက ကျူဖျာရက်လုပ်တဲ့ လုပ်ငန်းကို တော်သလင်းလကနေ တန်ဆောင်မုန်းလလောက်အထိ လုပ်ကိုင်ကြတယ်၊  အဲ့အချိန်က လယ်ယာလုပ်ငန်း နားကျတဲ့ အချိန်လည်းဖြစ်တယ်။ ဒေသခံတွေအနေနဲ့တော့ လယ်ယာလုပ်ငန်း အချိန်ကျ လယ်ယာလုပ်ငန်း ဝင်လုပ်ကျတယ်။ လယ်ယာလုပ်ငန်း နားတဲ့အချိန်ကျတော့ ကျူဖျာရက်လုပ်တဲ့ လုပ်ငန်းကို ဆက်ပြီး လုပ်ကျတဲ့အတွက် ပုံမှန်ဝင်ငွေ မပြတ်တော့ဘူးပေါ့။ ကုန်ကြမ်း ကျူပင်တွေကို လပွတ္တာအပိုင်က ကျေးရွာတွေမှာ သွားဝယ်ရတယ်။ ကျူပင် ၁၀၀၀ ပါ တစ်စည်းကို ၃၅၀၀ ကျပ်ပေးရတယ်။ အလျား ၅ ပေ၊ အနံ ၄ ပေရှိတဲ့ ကျူဖျာ ၁၄ ချပ် ထွက်တယ်။ ကျူဖျာ တစ်ချပ်ကို ကျူအလုံးရေ ၇၅ လုံး လောက်ပါတယ်။ မိသားစုဝင် များတဲ့သူဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ လုပ်သားရှာစရာ မလိုတော့ဘူး။ လုပ်သားငှါးလုပ်ရင် ကျူပင် ၃၀၀ ကို ခွဲခ ၁၀၀၊ ထုခ ၁၀၀ ကျတယ်။ ကျူဖျာရက်တာ တစ်ချပ်ကို ၁၅၀ ပေးရတယ်" ဟု ဘိုးဘေးအညာစု ကျေးရွာမှ ကျူဖျာရက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

 

 

ယင်းသို့ ရက်လုပ်ပြီးသား ကျူဖျာများကို ဝါးခယ်မ၊ မြောင်းမြ၊ မော်ကျွန်း၊ ဘိုကလေး၊ မအူပင်မြို့များရှိ သစ်၊ ဝါး၊ ဓနိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အဆိုပါ ပွဲရုံများ၌ ကျူဖျာတစ်ချပ်လျှင် ၁၀၀၀၊ ၁၁၀၀၊ ၁၂၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)