ဝါးခယ်မ ၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
“တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်မှာ ဖြစ်သလို ဝါးခယ်မမြို့နယ်အနေနဲ့လည်း အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအားလုံး တစ်ပြိုင်နက် ဆောင်ရွက်သွားမှာပါ။ အထက်တန်းအဆင့် တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့လဲ ဇူလိုင် ၂၁ ရက်ကနေ စပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနဲ့အညီ တက်ရောက်ကြရမှာ ဖြစ်ပါတယ်" ဟု ဝါးခယ်မမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။
ဝါးခယ်မမြို့နယ်အနေဖြင့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း ၄၄ ကျောင်းရှိပြီး ကျောင်းဖွင့်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


