ဝါးခယ်မ ၂၂ မေ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အတွင်းရှိ အသက် တစ်နှစ် အောက်၊ တစ်နှစ်မှ နှစ် နှစ်ကြား ကလေးငယ်များကို မြို့နယ် ပြည်သူ့ဆေးရုံ အခြေပြု ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက် အစီအစဉ်ဖြင့် မေ ၁၈ ရက်နေ့မှ စကာ ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်အထိ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများမှ ကလေးငယ် ၂၅၀ ကျော်အား ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းခဲ့ပြီး မေ ၁၈ ရက်နေ့တွင် မြန်မာတစ်နိုင်လုံး၌ ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုး / ဆေးတိုက်အစီအစဉ်တွင် ဝါးခယ်မမြို့နယ် အနေဖြင့် အသက် တစ်နှစ်အောက် ကလေးငယ် ရည်မှန်းဦးရေ ၅၃၈၈ ဦး၊ အသက် တစ်နှစ် မှ နှစ်နှစ်ကြား ကလေးငယ် ရည်မှန်းဦးရေ ၅၀ဝ၉ ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုး/ ဆေးတိုက်ရာတွင် မွေးကင်းစကလေးများကို ဘီစီဂျီ၊ အသည်းရောင်ကာကွယ်ဆေး၊ အသက် နှစ်လ ကလေးများကို ဝမ်းပျက်ဝမ်းလျော၊ အဆုပ်ရောင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ်ဆေး၊ အသက် ကိုးလ ကလေးများကို ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး၊ အသက် တစ်နှစ်ခွဲ ကလေးများကို ဝက်သက်ဂျိုက်သိုး၊ ဆုံဆို့ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (B)၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ် ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံအခြေပြု ပုံမှနေကာကွယ်ဆေးထိုး/ ဆေးတိုက် မပြုလုပ်ရသေးသော ကလေးငယ်များအနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇွန် ၁ ရက်နေ့တွင် ရပ်ကွက်နှင့် ကျေးရွာအခြေပြု ဆေးထိုး ဆေးတိုက် လုပ်ငန်းဆောင်ရွက်ချိန်၌ တစ်မြို့နယ်လုံး လွှမ်းခြုံမှု ပြည့်မီအောင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


