ဝါးခယ်မ ၂၉ မတ်
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ဝါးခယ်မမြို့နယ်တွင် မြို့နယ်အဆင့် ကာကွယ်ရေးလုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဝါးခယ်မမြို့နယ်အတွင်း စောင့်ကြည့်ရမည့်သူများ သီးခြားထားရှိရန်အတွက် မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက် သုံးထပ်ကျောင်းဆောင်အတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ကုတင်နေရာများ စနစ်တကျ ထားရှိစေခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် လိုအပ်သော အစီအမံများကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်ကို မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်၏ စုရပ်အဖြစ်လည်းကောင်း၊ အခြားသော ကျေးရွာအုပ်စုများအား ၎င်းတို့၏ တိုက်နယ်အလိုက် စုစုပေါင်း ၁၃ တိုက်နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၏ ပြောပြချက်အရ သိရသည်။
ဆက်လက်ပြီး ဒေသခံပြည်သူများ အသိပညာရရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့် အချက်များ၊ လိုက်နာသင့်သည့်အချက်များကို နေ့/ည လိုက်လံနှိုးဆော်လျက်ရှိကြောင်းနှင့် ဝါးခယ်မ မြို့မစျေးအတွင်း သားစိမ်းငါးစိမ်းရောင်းချရာနေရာများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်ပြီး ဝန်ထမ်းများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို နေ့စဉ် စျေးပိတ်သိမ်းချိန်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းအပြင် မရမ်းချောင်လမ်းဆုံ၌ ခရီးသွားပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


