ဝါးခယ်မ ၁ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းကို လျှော့ချရန်နှင့် ရင်ခွင်မဲ့ကလေးငယ်များအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်ပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းရုံးကို ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း  တိုင်းဒေသကြီးအထောက်အကူပြု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်နှင်းညို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)  ဦးဌေးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အသင်းရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း  တိုင်းဒေသကြီးအထောက်အကူပြု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်နှင်းညို၊ တိုင်းအမှုဆောင်ဥက္ကဋ္ဌ သားဖွားမီးယပ်အထူးကု ဒေါက်တာသန်းသန်းအေးတို့က အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသင်း၏ အဓိကလုပ်ငန်းစဉ် များဖြစ်သော ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းအား လျှော့ချရန် အသိပညာပေးလုပ်ငန်းစဉ်များ၊ စောင့်ရှောက်မှု လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး စာရေးဆရာမ နှင်းပန်းတိမ်မှ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်မြင့်မြင့်စန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

 

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မှ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)