ကိုချင်း

( ယမန်နေ့မှအဆက် )

လက်ရှိတွင် ဝါကြိတ်ခြင်းအတွက် ကျယ်ပြန့်စွာ အသုံးပြုနေသည့် ဝါကြိတ်နည်းပညာ နှစ်မျိုး ရှိပါ သည်-

(၁) လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) - ကမ္ဘာပေါ်ရှိ ဝါဂွမ်း၏ ၆၅ ရာခိုင်နှုန်းခန့်သည် လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်းဖြင့်ဝါကြိတ်ကြပြီး ၎င်းတွင် ချည်မျှင်ရှည် (Lint) ပါသည့် အစေ့များ ပြတ်သွားခြင်းမှ ကာကွယ်ထားသည့် အနည်းငယ်ကွာဟနေသော တိုင်များကြားမှ အစေ့၏အမျှင်များကို လွှသွားများဖြင့် အရှိန်ပြင်းပြင်းဖြင့် ဆွဲထုတ်ပါသည်။ အစေ့များစုဆောင်းသည့်ပုံး သို့မဟုတ် အစေ့များကို သယ်ဆောင်မည့် ကွန်ဘေယာကြိုးပြားပေါ်သို့ အစေ့များ ကျသွားပါသည်။ ချည်မျှင်ရှည် (Lint) ကို အရှိန်မြင့် ပွတ်တိုက်ခြင်း သို့မဟုတ် လေအားဖြင့် မှုတ်ထုတ်ကာ လွှသွားများဖြင့် ဖယ်ထုတ်ပါသည်။

လွှသွားပါ ဝါကြိတ်စက်သည် တစ်နာရီလျှင် ၅၀၀ ကီလိုဂရမ်မှ ၆၈၀၀ ကီလိုဂရမ်အထိ စွမ်းရည်အမျိုးမျိုးရှိသောစက်များဖြင့် ချည်မျှင်ရှည် (Lint) များကို ထုတ်ယူနိုင်ပါသည်။ သို့သော် လွှသွားပါ ဝါကြိတ်စက်သည် ကြိတ်လုံးတစ်လုံးနှင့် နှစ်လုံးပါ ဝါကြိတ်စက်များထက် ဝါကြိတ်ရာခိုင်နှုန်း ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့နည်းပါသည်။ လွှသွားပါ ဝါကြိတ်စက်၏ ဝါကြိတ် အထွက်နှုန်းမှာ အလွန်မြင့်မားသော်လည်း အဆိုပါ ဝါကြိတ်စက်များသည် ပိုရှည်သည့် အမျှင် (extra-long staple - ELS) မျိုးကွဲများအတွက် မသင့်လျော်ပါ။

ချည်မျှင်ရှည် (Lint) ထွက်ရှိမှုတွင် ကြိတ်လုံးပါ ဝါကြိတ်စက်များမှ ချည်မျှင်ရှည် (Lint) ထွက်ရှိမှုထက် ပို၍နူးညံ့မှုရှိပါသည်။ လွှသွားပါ ဝါကြိတ်စက်သည် အထူးတည်ဆောက်ထားသော ရွေ့လျားနေသည့် အစိတ်အပိုင်း များစွာပါဝင်ပြီး အစိတ်အပိုင်းများအားရရှိရန် အကြိမ်များစွာ အဆင်သင့်မဖြစ်နိုင်သောကြောင့် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ကုန်ကျစရိတ် အလွန်များပါသည်။ ထို့အပြင် ဝါစေ့များကို ကြိတ်ခွဲရာတွင် အကောင်းမွန်ဆုံး ထွက်ရှိစေရန်နှင့် ဟောင်းနွမ်းနေသော အစိတ်အပိုင်းများကို အစားထိုးပြီး ဝါကြိတ်စက်ကို တစ်ပြေးညီ စီမံဆောင်ရွက်ပေးရန်အတွက် လွှသွားပါဝါကြိတ်စက်လည်ပတ်မှုနှင့် ပတ်သက်၍ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော နည်းပညာရှင်တစ်ဦး လိုအပ်ပါသည်။

အမျှင်တိုနှင့် အမျှင်လတ်များကို ကြိတ်ခွဲရာတွင် အမျှင်များပြတ်တောက်ခြင်းနှင့် အရည်အသွေးကို ထိခိုက်မှုများသည့် ဝါမျိုးကွဲများသည် ကန့်သတ်ချက်များအရ အိန္ဒိယကဲ့သို့ နိုင်ငံများတွင် မတူညီသော အမျှင် အရည်အသွေးများဖြင့် စိုက်ပျိုးကြကာ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များက လွှသွားပါဝါကြိတ်စက်များကို လုံးလုံးလျားလျား ဖယ်ထုတ်ထားပါသည်။

မတူညီသော အလုပ်လုပ်နိုင်သည့် အကျယ်ဖြင့် ပုံစံအမျိုးမျိုးရှိပြီး ထုတ်လုပ်မှုစွမ်းရည်နှင့် လွှသွားအချင်းပမာဏအရ တစ်နာရီလျှင် ဘေထုပ်နှစ်ထုပ်မှ အထုပ် ၃၀ အထိ ထုတ်လုပ်နိုင်သည့် စက်များကို အသုံးပြုနေကြပါသည်။ လွှသွားပါဝါကြိတ်စက် ထုတ်လုပ်မှု ထင်ရှားသော နိုင်ငံများမှာ အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ဖြစ်ပါသည်။

(၂) ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Roller Ginning)- ကြိတ်လုံးပါ ဝါကြိတ်စက်တွင် ဝါစေ့များကို သယ်ဆောင်ရန် ကြိတ်လုံးများပါဝင်ပြီး တည်ငြိမ်သောဓားနှင့် လည်ပတ်နေသောဓား တို့ပါဝင်ပါသည်။ ဤနည်းစဉ်တွင် ဝါကြိတ်သည့် ကြိတ်လုံးများ၏ မျက်နှာပြင်ကို သားရေ သို့မဟုတ် သင့်လျော်သော သတ္တုဖြင့် ပြုလုပ်ထားပြီး ဝါအမျှင်များကို မျက်နှာပြင်၌ တွယ်ကပ်စေခြင်းဖြင့် ဝါစေ့မှ ဝါအမျှင်များကို ခွဲထုတ်ပါသည်။ ၎င်းတို့ကို တည်ငြိမ်သောဓားနှင့် ကြိတ်လုံးအကြားတွင် ဝါအမျှင်များကို သီးခြားစီဆွဲထုတ်ပါသည်။

လည်ပတ်နေသောဓားဖြင့် ဝါစေ့ကို ဖိရိုက်ကာ ဆွဲဆန့်သည့် လုပ်ဆောင်ချက်ဖြင့် အမျှင်များကို ခွဲထုတ်ပါသည်။ ဤလုပ်ငန်းစဉ် ကို အဖန်တလဲလဲ အကြိမ်များစွာ ပြုလုပ်ပြီး တွန်း-ဆွဲ-ရိုက် လုပ်ဆောင်ချက်များကြောင့် အစေ့မှ အမျှင်များကို အဆက်မပြတ်ခွဲထုတ်ပြီး ရှေ့သို့သယ်ဆောင်လာကာ စက်မှ ဖယ်ထုတ်ပေးပါသည်။ ဤလုပ်ငန်းစဉ်သည် လွှသွားပါဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်းနှင့် နှိုင်းယှဉ်ပါက နူးညံ့သိမ်မွေ့ပြီး အလယ်အလတ်၊ ရှည်လျားသောနှင့် ပို၍ရှည်လျားသော ဝါမျှင်အမျိုးမျိုးကို ကြိတ်ခွဲခြင်းအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ကြိတ်လုံးပါ ဝါကြိတ်စက်များသည် ပုံမှန်အားဖြင့် အမျှင်တိုနှင့် အမျှင်ငယ်များ ပါဝင်မှုနည်းပြီး ပိုမိုကောင်းမွန်သော အမျှင်ရှည်ကို ထုတ်ပေးပါသည်။ တည်ငြိမ်သည့် ကြိတ်လုံးတစ်လုံးနှင့် လည်ပတ်နေသော ဓားကြိတ်လုံးပါ ဝါကြိတ်စက် (Single Roller Stationary & Reciprocating Knife Roller Gin)၊ ကြိတ်လုံးနှစ်လုံးနှင့် လည်ပတ်နေသော ဓားကြိတ်လုံးပါ ဝါကြိတ်စက် (Double Roller Stationary and Reciprocating Knife Roller Gin)၊ လည်နေသောဓားနှင့် ကြိတ်လုံးတစ်လုံးပါ ဝါကြိတ်စက် (Rotary Knife Rotobar (Spiral or Straight) Single Roller Gin) ဟူ၍ ကြိတ်လုံးပါ ဝါကြိတ်စက် အဓိကအမျိုးအစား သုံးမျိုးရှိပါသည်။

၁၉၆၀-၂၀၁၀ ပြည့်နှစ်အတွင်း ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) ၏ တိုးတက်မှုများ အကျဉ်းချုပ် သုံးသပ်ချက်

၁၉၆၀ ပြည့်နှစ် မတိုင်မီက ကြိတ်လုံး နှစ်လုံးပါ ဝါကြိတ်စက်များ အားလုံးကို United Kingdom သို့မဟုတ် ဂျာမနီမှ အိန္ဒိယနှင့် အာဖရိကနိုင်ငံများသို့ တင်သွင်းခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် အိန္ဒိယ၌ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များ၏ ဒီဇိုင်းကို အစောပိုင်းက ဆွစ်ဇာလန်နိုင်ငံမှ Volcart ၏ ပုံစံကို ဂျာမနီရှိ M/s. Montfort က ထုတ်လုပ်ခဲ့သည့် ပုံစံအား အခြေခံ၍ ထုတ်လုပ်ခဲ့ပါသည်။

ဤစက်၏ အလုပ်လုပ်နိုင်သောအကျယ်မှာ ၁၀၆၇ မီလီမီတာ ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်တွင် M/s. Platt Brothers U.K. ၏ ဒီဇိုင်းကိုအခြေခံ၍ အိန္ဒိယတွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များကို စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယမှ အခြားသောထုတ်လုပ်သူ အများအပြားသည် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်နှင့် ဆင်တူသော မော်ဒယ်မျိုးစုံကို ထုတ်လုပ်ခဲ့ပါသည်။ အဓိကထုတ်လုပ်သူ၏ ထင်ရှားသော မော်ဒယ်များကို အောက်တွင်ဖော်ပြထားပါသည်။

၁၉၇၀ ပြည့်နှစ်အထိ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များသည် သေနတ်ပြုလုပ်သည့်သတ္တုဖြင့် ပြုလုပ်ထားသော ဘွတ်ရှ်ဘယ်ရင် (Bushing) များကို အသုံးပြုထုတ်လုပ်ခဲ့ကြပါသည်။ ဤဘွတ်ရှ်ဘယ်ရင် (Bushing) များသည် ပွတ်တိုက်မှုကို ပိုမိုမြင့်မားစေပါသည်။ ၁၉၇၂ ခုနှစ်တွင် သေနတ်ပြုလုပ်သည့်သတ္တုဖြင့် ပြုလုပ်ထားသော ဘွတ်ရှ်ဘယ်ရင် (Bushing) အားလုံးကို ဘယ်ရင် (Bearing) များအဖြစ် ပြောင်းလဲခဲ့ပြီး လျှပ်စစ်စွမ်းအား အကျိုးရှိစွာစွမ်းရည်မြှင့်တင်မှုကို မြှင့်တင်ပေးခဲ့ပါသည်။

၁၉၉၅ ခုနှစ်တွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်၏ အလုပ်လုပ်နိုင်သော အကျယ်ကို ၁၁၉၁ မီလီမီတာသို့ တိုးမြှင့်ခဲ့ပြီး အခြားအစိတ်အပိုင်းများ အားလုံးတွင်လည်း သင့်လျော်သော ပြောင်းလဲမှုများကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ် မတိုင်မီက ကြိတ်လုံး နှစ်လုံးပါ ဝါကြိတ်စက်များသို့ ဝါစေ့ထည့်ရာတွင် လူတစ်ဦးမှ စက်တစ်လုံးစီကို လူဖြင့် ကိုယ်တိုင်ထည့်၍ ဆောင်ရွက်ခဲ့ပါသည်။ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်အသုံးပြု စက်ရုံများတွင် အလိုအလျောက် ဝါထည့်သည့်အရာကို တီထွင်အသုံးပြုခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အလိုအလျောက် လုပ်ဆောင်မှု လုပ်ငန်းစဉ်ကို တော်လှန်ပြောင်းလဲခဲ့ပါသည်။ ဤစက်ပစ္စည်းသည် လိုင်းတစ်ခုတွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် ၁၈ လုံးအထိ အလိုအလျောက် ဝါထည့်ရန် စီစဉ်နိုင်ပါသည်။ ထို့ကြောင့် လူအင်အား လိုအပ်ချက်မှာ သိသိသာသာ လျော့ပါးလာပါသည်။

အလိုအလျောက် ဝါထည့်သည့်စနစ်ကို တီထွင်ပြီးနောက် ဝါစုပ်ယူသည့်စနစ်၊ အစောင်းလိုက်နှင့် အလျားလိုက် ကြိုတင်သန့်ရှင်းရေး ပြုလုပ်သည့်စနစ်များ၊ အလိုအလျောက် ဖြန့်ဝေသည့် သယ်ဆောင်နိုင်သောကြိုးပြားများ၊ ဝါထည့်ရန် ထိန်းချုပ်သည့် ကတော့များ၊ ချည်မျှင်ရှည် (Lint) သန့်ရှင်းရေးစနစ်များ၊ စိုစွတ်မှုထိန်းချုပ်စနစ်၊ အလိုအလျောက် ထုပ်ပိုးစနစ်စသည်တို့ကို ထုတ်လုပ်သူများက ဒီဇိုင်းထုတ်ခဲ့ကြပါသည်။

အလိုအလျောက် ဝါထည့်သည့်စနစ်သည် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များအသုံးပြုသည့် စက်ရုံများကို ခေတ်မီအောင် ပံ့ပိုးပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှစတင်ကာ အလျင်အမြန် ခေတ်မီတိုးတက်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း အိန္ဒိယနှင့် အရှေ့အာဖရိကနိုင်ငံ အချို့တွင် အလိုအလျောက် ကြိတ်လုံးနှစ်လုံးအခြေခံ ဝါကြိတ်စက်ရုံအသစ်များကို တပ်ဆင်ခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ်အထိ ရှိပြီးသား ဝါကြိတ်စက်ရုံများကို ခေတ်မီအောင် ဆောင်ရွက်ခဲ့ကြပါသည်။ အလိုအလျောက်စနစ်ကြောင့် လူအင်အား လိုအပ်ချက်ကို ၁/၄ နီးပါးအထိ လျှော့ချထားချိန်တွင် အမှိုက်ပါဝင်မှုနှင့် ညစ်ညမ်းမှုကိုလည်း အတိုင်းအတာတစ်ခုအထိ သိသိသာသာ ထိန်းချုပ်ထားနိုင်ပါသည်။

အချို့သောလုပ်ငန်းများသည် အလိုအလျောက် (Semi-Auto) ထိန်းချုပ်မှုစနစ်ကြောင့် လူအင်အား ထပ်ဖြည့်ရန် လိုအပ်ခြင်းများ ကျန်ရှိနေပါသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း လုပ်ငန်းလည်ပတ်မှုအတွက် စိန်ခေါ်မှုများ ကျန်ရှိနေပါသေးသည်။

၂၀၁၁-၂၀၁၃ ခုနှစ်အတွင်း ကြိတ်လုံး နှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) ၏ တိုးတက်မှုများ

၂၀၁၁-၂၀၁၃ ခုနှစ် ကာလသည် လည်နေသော ဓားပါကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Rotobar Rotary Knife Ginning) နှင့် ကြိတ်လုံးနှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) တို့၏ နယ်ပယ်တွင် အလွန်အရေးကြီးသော တိုးတက်မှုများကို တွေ့မြင်ခဲ့ရသော်လည်း ကြိတ်လုံးတစ်လုံးပါ ဝါကြိတ်စက် (Single Roller McCarthy Gin) ၏ အနေအထားသည် တည်ငြိမ်နေကာ နောက်ထပ်တိုးတက်မှုများမရှိသဖြင့် ဈေးကွက်မှ ဖယ်ထုတ်ခြင်းခံခဲ့ရပါသည်။

ကြိတ်လုံးနှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) ကဏ္ဍသည် အိန္ဒိယတွင် သိသာထင်ရှားသော တိုးတက်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် (Double Roller Gin) ၏ အလုပ်လုပ်နိုင်သောအကျယ်ကို ၂၀၁၁ ခုနှစ်တွင် ၁၅၂၄ မီလီမီတာသို့ တိုးမြှင့်ခဲ့ပါသည်။ ထို့အပြင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များကို ထိန်းချုပ်ပြီး တစ်ပြေးညီ ဝါထည့်ပေးနိုင်သည့်စက် (Dispenser Feeder) ကို မိတ်ဆက်ပေးခဲ့ခြင်းဖြင့် စနစ်ထဲသို့ တူညီသောဝါများထည့် ပေးနိုင်ခြင်းနှင့်ပတ်သက်၍ တိုးတက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

ဤဖွံ့ဖြိုးတိုးတက်မှုသည် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို ၁၅-၂၀ ရာခိုင်နှုန်းခန့် တိုးတက်စေခဲ့ပါသည်။ ထို့အပြင် အလုပ်လုပ်နိုင်သောအကျယ်ကို တိုးမြှင့်ခဲ့ခြင်းဖြင့် မြင်းကောင် ရေ (၅) ကောင် (5 HP) ရှိသော ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် တစ်ခုချင်းစီအတွက် ၂၅ ရာခိုင်နှုန်း ပိုမိုမြင့်မားသော ထုတ်လုပ်မှုကို တိုးမြင့်စေခဲ့ပြီး ကြိတ်လုံးနှစ်လုံးဖြင့် ဝါကြိတ်စက်အသုံးပြု စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားမှာ သိသိသာသာ တိုးတက်လာပါသည်။

ကွန်ဘေယာကြိုးပြားကို မိတ်ဆက်ပေးခြင်း

ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များကို နှစ်လိုင်းအပြိုင် ဝါထည့်ရန်အတွက် အပေါ်ဗဟိုမှ ဖြန့်ခွဲထည့်ပေးသည့် ကွန်ဘေယာကြိုးပြားကို မိတ်ဆက်ပေးခြင်းသည် လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျော့ကျစေပြီး လျှံထွက်လာသော ဝါများကို ကိုင်တွယ်ရာတွင် အလွန်လွယ်ကူစေသည့် သိသာထင်ရှားသော တိုးတက်မှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များ၏ ဘေးနှစ်ဖက်တွင် တပ်ဆင်ထားသော ဤစနစ်တွင် အမြင်အာရုံခံ ကိရိယာ (Level Sensor) များ အကူအညီဖြင့် ဝါထည့်သည့်နေရာအတွင်းရှိ ဝါပမာဏကို ထိန်းချုပ်ခြင်းဖြင့် ထိန်းညှိပေး ပါသည်။

ဤတိုးတက်မှုများသည် အရင်းအနှီး ကုန်ကျစရိတ်အပြင် ပါဝါသုံးစွဲမှုကို လျော့ကျစေပြီး ဝါဂွမ်း တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချကာ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များဖြင့် ဝါကြိတ်ခြင်းကို ပိုမိုဆွဲဆောင်မှုဖြစ်စေပါ သည်။

ကြိတ်လုံး နှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) ၏ လမ်းကြောင်းအသစ်များ

ဝါကြိတ်စက်ထဲသို့ အလိုအလျောက် ဝါထည့်ပေးသည့်စနစ်၊ ဝါကြိတ်စက်များထဲသို့ ဝါထည့်ရာတွင် တူညီအောင် ထိန်းချုပ်ပေးသည့်စနစ်၊ ဝါကြိတ်ခြင်းမှ အကောင်းဆုံး အမျှင်အရည် အသွေးများရရှိသည့် ယူနစ်တစ်ယူနစ်ချင်းစီအတွက် အနိမ့်ဆုံးကုန်ကျစရိတ် အကျိုးကျေးဇူးများစသည့် စွမ်းရည်မြင့် ကြိတ်လုံးနှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) ၏ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဤနည်းပညာကို အိန္ဒိယ၊ အရှေ့အာဖရိကနှင့် အခြားနိုင်ငံအချို့တွင် ပို၍ပို၍ နှစ်သက်လာပြီး လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပါသည်။ အလားတူ မြန်နှုန်းမြင့် လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် (Rotobar Rotary Knife Gin) သည်လည်း ကုန်းမြင့်ဒေသထွက် ဝါများကို စမ်းသပ်ရာတွင် လွှသွားပါဝါကြိတ်စက် (Saw Gin) နှင့် ကိုက်ညီလုနီးပါး စွမ်းရည်ရရှိသော ရလဒ်ကောင်းများနှင့်အတူ ကုန်းမြင့်ဒေသထွက် ဝါတွင်အသုံးပြုမှုများကို တွေ့ရှိလာနိုင်ကာ ၎င်းကို အသုံးပြုမှုမှာ လျင်မြန်စွာ တိုးတက်လာသည်ကို မြင်တွေ့နိုင်ပါသည်။

အနှစ်ချုပ်ဆိုရလျှင် ကြိတ်လုံးနှစ်လုံးဖြင့် ဝါကြိတ်ခြင်း (Double Roller Ginning) နှင့် လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Rotobar Rotary Knife Roller Ginning) ၏ ဝေစုသည် သိသိသာသာ တိုးလာမည်ဖြစ်ပြီး ကြိတ်လုံးတစ်လုံးပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Single Roller McCarthy Roller Ginning) နှင့် လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) တို့၏ ဝေစုသည် မဝေးလှသော အနာဂတ်တွင် ကျဆင်းသွားနိုင်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဝါကြိတ်စက်ရုံ ၁၃ ရုံရှိပြီး နိုင်ငံပိုင်ဝါကြိတ်စက်ရုံများတွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် (Double Roller Gin) ၁၀၅ လုံး ရှိပါသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် ဝါကြိတ်စက်ရုံများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၄ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် လေးရုံ၊ မကွေးတိုင်းဒေသကြီးတွင် ၅၄ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် ၉၆ ရုံ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နှစ်ရုံ စုစုပေါင်း ၁၉၀ ရှိပြီး ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် (Double Roller Gin) ၆၈၃ လုံး ရှိပါသည်။ မှတ်ပုံမတင်သည့် စက်များ အများအပြားထပ်ရှိနိုင်ပါသည်။

လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) ကို အသုံးပြုသည့် စက်ရုံအနည်း ငယ်ရှိပါသည်။ လင်တာဂွမ်းထုတ်စက်နှင့် မျိုးစေ့ထုတ်စက်များကိုလည်း တပ်ဆင်အသုံးပြုကြပါသည်။ သို့ရာတွင် အများစုမှာ တင်ပြပါအတိုင်း ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် (Double Roller Gin) များဖြစ်ပါသည်။ ဝါစိုက်ပျိုးခြင်းမှ ဝါ၊ ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီ ရရှိသည်အထိ ထုတ်လုပ်ရေး ပြုလုပ်နေကြသည့် စက်မှုလုပ်ငန်းရှင်များအား ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။   ။