ဟိုပန် စက်တင်ဘာ ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီက ဟိုပန်မြို့နယ်တွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
ရှေးဦးစွာ မိန်းပန်း(ရှမ်း) အမက(မူလွန်)ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် (၁၂၀' ×၃၀') Steel Structure တစ်ထပ်အဆောက်အဦ ဆောက်လုပ်မှုကို လည်းကောင်း၊ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး ဌာနခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မန်ကောင်းရပ်ကွက် စောမဟာလမ်းသွယ် ကွန်ကရစ် လမ်း(၂၁၅' ×၁၂'×၆")ဆောင်ရွက်ပြီးစီးမှုနှင့် အောင်မေတ္တာလမ်း ကွန်ကရစ်ခင်းခြင်း (၃၃၅'×၁၂'×၆") လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၏ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်သူဆေးရုံဝန်းအတွင်း Transformer တည်ဆောက်ခြင်းလုပ်ငန်း၊ တိုးချဲ့ကျောက်စီမြေကာနံရံ ပေ(၅၀) တည်ဆောက်ခြင်းလုပ်ငန်း၊ အမိုးလဲလှယ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့မအားကစားကွင်းအတွင်း မြေထိန်းနံရံ (၅၀၀'×၃၆')တည်ဆောက်ခြင်းလုပ်ငန်း၊ ဂါလံ(၁၅၀၀၀) ဆံ့ရေလှောင်ကန်ပြုပြင်ခြင်းလုပ်ငန်း၊ မီတာ(၄၀၀) ပြေးလမ်း ပြုပြင်ခြင်းလုပ်ငန်းတို့ကို လည်းကောင်း၊ လမ်းဦးစီးဌာနပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် စံပြကျေးရွာ လမ်း မိုင်(၂/၁-၂/၂) အတွင်း မြေသားတာဘောင်တင်ခြင်းနှင့်ကျောက်ရောမြေ ၃" ထုတင်ခြင်းလုပ်ငန်း၊ RCC Box Culvert (၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာန အလိုက်တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့် ပတ်သက်၍ဥက္ကဋ္ဌက အဆောက်အဦဆောက်လုပ်ပြီးစီးပါက ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ စနစ်တကျဆောင်ရွက်ပေးရန်၊ စံချိန်စံညွှန်းမီသည့်ပစ္စည်းများကို အသုံးပြုရန်၊ သတ်မှတ် ကာလအတွင်း ပြီးစီးရေးကြီးကြပ်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အချက်အလက် များကို ပြည်သူများသိရှိအောင် ဆိုင်းဘုတ်စိုက်ထူထားရှိပေးရန် မှာကြားသည်။
ထို့နောက် ဥက္ကဌနှင့်အဖွဲ့သည် နမ့်တိန်ချောင်းတွင် အကျယ်(၂၈)ပေ၊ခံနိုင်ဝန်တန်(၆၀)ရှိ တံတားသစ် ဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)