ကျောက်တံခါး ၁၉ ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကင်းရွာအုပ်စု ကုလားကုန်း (ခ) သဘော်တိုက်ကျေးရွာအတွင်း မွေးမြူထားသော ဝက်ခြံမှ အနံဆိုးများကို အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ နေ့စဥ်ရှုရှိုက်နေရသဖြင့် ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး ဒေသခံကျေးရွာနေပြည်သူများ လိုလားလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ ကုလားကုန်း (ခ) သဘော်တိုက်ကျေးရွာမှာ ဝက်ဒိုင်တစ်ခုက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းက ဝက်ဒိုင်လုပ်ငန်း သားသတ်ရန်အတွက် ဝက်တွေလာရောက်မွေးမြူထားပါတယ်။ ဝက်ခြံကအနံ့ တစ်နေ့ထက်တစ်နေ့ ပိုပြီးနံလာတယ်။ ကျွန်မတို့လင်မယားနှစ်ယောက်က အသက် ၇၀ ကျော်တွေဖြစ်နေပါပြီ။ အိမ်မှာပဲ အမြဲနေထိုင်ရတယ်။ ဝက်ခြံက အနီးနားမှာဆိုတော့ ပိုဆိုးတာပေါ့။ အနံဆိုးကို နေ့တိုင်းရှုရှိုက်နေရလို့ အစားအသောက်တွေပျက်ပြီး ကျန်းမာရေးအခြေအနေတွေ ပိုဆိုးလာတယ်။ ကျောင်းသားကလေးငယ်တွေလည်း စာကျက်မရဖြစ်နေတယ်။ မိုးတွင်းကာလဆို ပိုပြီးအနံ့ဆိုးပါတယ်။ ကျေးရွာလူကြီးတွေထံ တင်ပြခဲ့ပါတယ်။ သွားတော့ပြောပါတယ်၊ ဒါပေမဲ့ ဘာမှထူးခြားမှုမရှိလို့ ယခုတင်ပြတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ ကင်းရွာအုပ်စု ကုလားကုန်း (ခ) သဘော်တိုက်ကျေးရွာလေးကို သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးပြီး အနံဆိုးများ ပပျောက်နိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးစေချင်ပါတယ်”ဟု ကုလားကုန်း (ခ) သဘော်တိုက်ကျေးရွာနေ ဒေါ်ရှမ်းမ (ခ) ဒေါ်နန်းခမ်းလူက ပြောသည်။

ခင်ကို(ကျောက်တံခါး)