ဝက်လက် ၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာကို ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ အင်ဒေါင်းကျေးရွာသည် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ရှိနေခြင်းကြောင့် လင်းပိုင် ထိန်းသိမ်းရေး အထောက်အကူပြုရန် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''အခု အဆောက်အဦစဆောက်ထားပြီးပြီ နောက်ပိုင်း တဖြည်းဖြည်း တိုးတက်လာမယ်လို့ မြင်တယ်။ ခု အဆောက်အဦတွေ ပြီးတာနဲ့ကျွန်တော်တို့လည်း ခရီးသွားလုပ်ငန်းအတွက် အမြန်စီစဉ်နေပါတယ်။ အဆောက်အဦ ပြီးသွားသော်ငြားလည်း ခရီးသွားတွေလာဖို့ တိုးလ်ကုမ္ပဏီတွေ ချိတ်ရမယ်၊ ပြည်တွင်း ခရီးသွားကျ ဆိုရှယ်မီဒီယာက ကြော်ငြာလို့ရပေမဲ့၊ ပြည်ပ ခရီးသွားကျ တိုးလ် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရပြီး တဖြည်းဖြည်းသွားရမှာပေါ့" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦးက ပြောပြသည်။
လက်ရှိတွင် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းရှိ အင်ဒေါင်းကျေးရွာတွင် ဧရာဝတီလင်းပိုင်ကြည့်ခရီးသွား ဧည့်သည်များ ညအိပ်နားနေတည်းခိုနိုင်ရန် တည်းခိုဆောင်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း လင်းပိုင်ထိန်းသိမ်းရေး အဖွဲ့ထံမှသိရသည်။
''အခုနားနေဆောင်တွေဆောက်တာက ဒေသခံတွေအတွက် ပိုပြီးတော့ဝင်ငွေရအောင်နဲ့ အချို့အချိန်မပေးနိုင်တဲ့ နိုင်ငံခြားတွေအတွက်လည်း ထိန်းသိမ်းရေးဧရိယာထဲမှာပဲ နေရေးထိုင်ရေး တည်းမယ့် ခိုမယ့်နေရာ အဆင်ပြေအောင်နဲ့ ပိုလာနိုင်အောင်ရယ် ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူပြုအောင် အခုနှစ်မှာ အင်းဒေါင်းကျေးရွာမှာ အခြေပြုပြီး လင်းပိုင်ကြည့်တဲ့သူတွေ ညအိပ်ညနေတည်းခိုနိုင်အောင် အကောင်အထည်ဖော်တာပါ။ အခုက အဆောက်အဦဆောက်တာတွေ ပြီးခါနီးပြီဖြစ်တယ်။ လာမယ့်လထဲမှာ ဖွင့်နိုင်မယ်လို့မျှော်မှန်းထားပါတယ်"ဟု လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ ဦးဟန်ဝင်းကပြောပြသည်။
အင်ဒေါင်းကျေးရွာတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် အဆောင် ၂ ဆောင် ၁၂ ဦးဆံ့နှင့် နားနေဆောင် စုစုပေါင်း အဆောက်အဦ ၄ ခု တည်ဆောက်မည်ဖြစ်ကာ အဆောက်အဦ ဆောက်လုပ်ခြင်းအတွက် သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဘတ်ဂျက်ထောက့်ပံခြင်းဖြစ်ကာ ယင်းအဆောက်အဦးများအား ဒေသခံများသို့ စနစ်တကျလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ခရီးသွားလုပ်ငန်းအဖြစ် ယခင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၆ ရွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာနှစ်ရွာကိုတိုးချဲ့ခဲ့ကြောင်း၊ လက်ရှိတွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ခရီးသွားလုပ်ငန်းအဖြစ် စုစုပေါင်းကျေးရွာ ၈ ရွာဖြင့် ကျေးရွာအခြေပြုခရီးသွား ဝန်ဆောင်မှုပေးနေကြောင်း လင်းပိုင်ထိန်းသိမ်းရေး အဖွဲ့တာဝန်ခံ ဦးဟန်ဝင်းက ပြောပြသည်။
မန္တလေးမှ ဗန်းမော်ဧရိယာတွင် လင်းပိုင်ကောင်ရေ ၇၀ ကျော် ကျက်စားနေထိုင်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)
