ဝက်လက် ၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စိုင်နိုင်ကြီး အထွက်တိုးစခန်းနယ်မြေအတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA တို့ပူးပေါင်းမှုဖြင့် စိုက်ပျိုးရေး ဝင်ငွေတိုးတက်စေရန်၊ မျိုးကောင်းမျိုးသန့်ရရှိစေရေးတို့ အတွက် မျိုးစေ့သန့်စင်စက်ရုံ ပန္နက်တင် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စခန်းနယ်မြေအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်သောင်းတို့က အဆောက်အဦး ဆောက်လုပ်မည့်နေရာအသီးသီးတို့တွင် ပန္နက်ရိုက် ပေးခဲ့ကြပြီး အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် ရဲမာန်ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါ်သရဖီဆန်နှင့်ဝန်ထမ်းများက အဆောက်အဦးဆောက်လုပ်မည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပန္နက်ရိုက်အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးသန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အလုပ်အမှုဆောင်အရာရှိ ဒေါ်စန္ဒာထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှမိုးကျော်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဝက်လက်မြို့နယ် စိုင်နိုင်စခန်းနယ်မြေအတွင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့က ပထမဦးဆုံး မျိုးစေ့သန့်စင်စက်ရုံ တစ်ထပ်အဆောက်အဦးကို စတင်ဆောက်လုပ်ခဲ့ပြီး ၎င်းနှင့် ကပ်လျှက်နေရာလွတ်တွင် မျိုးစေ့သန့်စင်စက်ရုံ အလျား ၁၄၈ ပေ၊ အနံ ၉၈ ပေ RC သုံးထပ်အဆောက်အဦကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ လကုန်တွင် ရဲမာန် ဆောက်လုပ်ရေး ကုမ္မဏီလီမိ တက်က တာဝန်ယူကာ အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးလှမိုးကျော်၏ ပြောကြားချက်အရ သိရသည်။
ဥမ္မာဝင်း(ဝက်လက်)


