ဝက်လက်   ၂၄   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာတွင် နေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ထိခိုက်ပျက်စီးခြင်းများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲက ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

 

ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဝက်လက်မြို့နယ်အတွင်းရှိ ရွှေဒါးကျေးရွာ၊ နှမ်းကြီးကုန်းကျေးရွာ၊ တကောင်းဒေါင့်ကျေးရွာ၊ ဖွတ်လှိုင်းကျေးရွာ၊ မောက္ကဒီးကျေးရွာ၊ လှတွေကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ လှည်းဦးကြီးကျေးရွာ၊ လိမ်ပင်ကျေးရွာ၊ ရေဆိုးကုန်းကျေးရွာနှင့် ချောင်းမီးတိုကျေးရွာတို့တွင် လူနေအိမ်နှင့်အဆောက်အဦများ ပြိုကျပျက်စီးထိခိုက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိ​ကြောင်း သိရသည်။

 

လေပြင်းတိုက်မှုကြောင့် အိမ်ပြိုမှုဖြစ်ခဲ့သည့် အိမ်ထောင်စု ၉ စုနှင့် အမိုးလန်ထိခိုက်အိမ်ထောင်စု ၃၅ စုအတွက် ဆန်ရိက္ခာထောက်ပံငွေ ၃၇၃,၈၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  ၁၉၃၀၀၀၀  ကျပ်၊ စုစုပေါင်း  ၂,၃၀၃,၈၀၀ ကျပ်နှင့် အိမ်ပြိုမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စု ၉ စုအတွက် ထောက်ပံ့ပစ္စည်း ၁၀ မျိုးကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချောစု က ပြောသည်။

မိုးသောက်(ရွှေဘို)