ဝက်လက် ၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ “ ခွေးရူးရောဂါကင်းစင်ရေး ကမ္ဘာတစ်ခွင် ၂၀၃၀ ပြည့်နှစ်တွင်” အစီအစဥ◌်ဖြင့် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ၊ ဒေသခံပြည်သူများ၏ အိမ်မွေးခွေးများကို ဝက်လက်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်းနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် အခမဲ့ထိုးနှံ ပေးကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာ အောင်မျိုးဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြပြီး ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ၂၀၃၀ ပြည့်နှစ် ခွေးရူးရောဂါကင်းစင်အောင် တစ်ခုတည်သော စီမံချက်အရ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ခွေးကောင်ရေ ၁၀၀ အတွက် ကာကွယ်ဆေး ရရှိထားပြီး ၂၀၁၈ -၂၀၃၀ အတွင်း မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကင်းစင်ရေး၊ ရောဂါကာကွယ်ပပျောက်ရေး စီမံချက် ရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ပြည်သူများက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


