ဝက်လက်၊ ၁၉ မေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နွေရာသီ၌ သဖန်းဆိပ်ဆည်ရေမှ စိုက်ပျိုးရေပေးဝေနိုင်ခြင်း မရှိသော်လည်း ဒေသခံတောင်သူများ အနေဖြင့် မြေအောက်ရေတွင်းများတူးဖော်ကာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၈)  အုပ်စုတွင် (၄၅၂၉၇)ဧက  စိုက်ပျိုးထားရှိပြီး အဆိုပါနွေနှမ်းများ စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ဒေသနှင့်ကိုက်ညီသော နှမ်းနက်မျိုးဖြစ်သည့် ဆင်းရတနာ (၁၄) ကို ဂွေးကုန်းမျိုးသန့်ခြံမှ မှာယူ၍ တောင်သူများကို ဖြန့်ဖြူးပေးပြီး မျိုးကောင်းမျိုးသန့်ပွားများ တိုးပွားရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း လမင်းနှမ်းပွဲရုံတွင်လည်း လက်ရှိ နှမ်းနက်တစ်တင်း ဒေသပေါက်စျေး ငွေကျပ် ၄၅၀၀၀ ရှိကြောင်းနှင့် နွေနှမ်းတစ်ဧကလျှင် တင်း (၂၀) ခန့် ထွက်ရှိနိုင်ကြောင်း ဒေသခံတောင်သူများနှင့် ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် တို့၏ ပြောကြားချက်အရ သိရှိရသည်။

စိုးစိုးလှိုင်(ဝက်လက်)