ဝက်လက် အောက်တိုဘာ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာ နည်းပညာပြန့်ပွားရေး စင်တာတွင် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ၂၀၂၁ ခုနှစ်အတွင်း ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧက ၁၁၇၄ ဧကအတွက် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲတွင် ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အမာကြည်က ယခုကဲ့သို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ကောက်ယူအတည်ပြုပြီးသော ပျက်စီးစိုက်ဧကများကိုသာ စိုက်ပျိုးရေး ဦးစီးဌာနမှ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကိုယ်စား ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရရှိလာသော ဓာတ်မြေသြဇာများကို ပိုမိုအကျိုးရှိစေရန် နွားချေး သုံးဆနှင့် ရောနှော၍ အသုံးပြုသင့်ကြောင်း၊ နည်းပညာ အကူအညီများ ရယူလိုပါက စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

ယင်းနောက် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ရာတွင် လှတောကျေးရွာအုပ်စု အတွင်းရှိ အုပ်စု ၇ အုပ်စုမှ မိုးစပါးပျက်စီးဧက ၁၁၇၄ အတွက် တောင်သူ ၄၀၃ ဦးကို တစ်ဧကလျှင် ယူရီးယား ဓာတ်မြေသြဇာ ၀.၁၂ အိတ်နှုန်းဖြင့်၊ စုစုပေါင်း ၁၃၈.၆၄ အိတ်ကို တာဝန်ရှိသူများက ထောက်ပံပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးဉာဏ်လှိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူနှင့် ဝန်ထမ်းများ၊ လှတောကျေးရွာအုပ်စုအတွင်းရှိ အုပ်စု ၇ အုပ်စု မှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)