ဝက်လက် ၁၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲ က လေပြင်းတိုက်ခတ်မှုကြောင့် ဝက်လက်မြို့နယ် ပေါက်ကံကျေးရွာအုပ်စု ပေါက်ကံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲက ဝက်လက်မြို့နယ်မီးသတ်စခန်းမှ အနောက်မြောက်ဘက် ( ၁၂ ) မိုင်ခန့် ကွာဝေးသော ပေါက်ကံကျေးရွာအုပ်စု ပေါက်ကံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ စာသင်ကျောင်းဆောင်ပေါ်သို့ အမြင့် ပေ ၃၀ လုံးပတ် ၄ ပေခန့်ရှိ ယင်းမာပင် ပြိုလဲမှုဖြစ်ပွားခဲ့သည်။
သစ်ပင်ပြိုလဲမှုဖြစ်ပွားရာသို့ ဝက်လက်မြို့နယ် မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်ထွန်းလေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့က သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီတွင် ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း (ပေါက်ကံ) ကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင် အခန်း ( ၃) ခန်းမှာ ခေါင်မိုးနှင့် မျက်နှာကြက်များ ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာမှ သတင်းရရှိသည်။
မိုးသောက် (ရွှေဘို)


