နေပြည်တော် ၂၇ မတ်
ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အလွန်ကူးစက်မြန်သော ရာဂါဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများ
- ပထမဆုံးသော ရောဂါလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး (၁)ရက်မှ (၇) ကြာမြင့်သည်။ ၎င်းကာလတွင် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်မြှေးရောင်ခြင်းနှင့် ပါးစောင်တွင် သေးငယ်သော အဖြူစက်ပေါ်ခြင်းများ ဖြစ်ပွားသည်။
- ရောဂါပိုးဝင်ရောက်ပြီး နောက်(၇)ရက်မှ (၈)ရက်အတွင်းတွင် အနီအဖု အပိန့်များ မျက်နှာနှင့် လည်ပင်းမှ စတင် ပေါ်ပေါက်လာပြီးနောက် တစ်ကိုယ်လုံးသို့ ပျံ့နှံသွားသည်။ (၅)ရက်မှ (၆)ရက်ကြာမြင့်ပြီးနောက် အရောင်ဖျော့ပြီး ပျောက်သွားသည်။
- နောက်ဆက်တွဲ ဆိုးကျိုးများမှာ အဆုတ်ရောင်ခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပြီး အရည်ခန်းခြောက်ခြင်း၊ နားအလယ်ခန်းရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းတို့ဖြစ်သည်။
- ဝက်သက်ရောဂါနှင့် အဆုတ်ရောင်ရောဂါ ယှဉ်တွဲဖြစ်ပွားခြင်းသည် ကလေးများ သေဆုံးမှုမြင့်မားစေသော အကြောင်းတစ်ခု ဖြစ်သည်။
- ဗီတာအေ ဖြည့်စွက်တိုက်ကျွေးခြင်း အပါအဝင် ထိရောက်စွာ ပြုစုကုသပေးခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချနိုင်ပါသည်။
ဝက်သက်ရောဂါဖြစ်ပွားမှုကို ဝက်သက်ကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
- ဝက်သက်ကာကွယ်ဆေး ပထမအကြိမ်ကို ကလေးအသက်(၉)လ မှ (၁၂)လ အရွယ်တွင် ထိုးနှံပေးရမည်။
- ဒုတိယအကြိမ်ကို ကလေးအသက် (၁၈)လမှ (၂)နှစ် အတွင်း ထိုးနှံပေးသင့်ပါသည်။
ဝက်သက်ပါဝင်သော ကာကွယ်ဆေးကို ကလေးငယ်၏ ဘယ်ဘက်လက်မောင်းအပေါ်ပိုင်း၊ အရေပြားအောက်သို့ ထိုးနှံပေးပါသည်။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN