၁၃ နိုဝင်ဘာ

 

 

ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် ဝက်သက်ရောဂါ ဖြစ်ပွားသူ အရေအတွက် ၈၇၀၀၀၀ နီးပါးအထိ မြှင်တက်လာခဲ့ပြီး ဆယ်စုနှစ် နှစ်ခုအတွင်း ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။

 

 

၂၀၁၉ ခုနှစ်တွင် ဝက်သက်ရောဂါ ဖြစ်ပွားသူ  ၈၆၉၇၇၀ ရှိခဲ့ပြီး ခန့်မှန်းချေအားဖြင့် လူပေါင်း ၂၀၇၅၀၀ ဉီး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

 

 

၁၉၉၆ ခုနှစ်မှစပြီး ကူးစက်ခံရသည့် အရေအတွက်မှာ အမြင့်ဆုံးဖြစ်သည်။

 

 

နိုင်ငံ ကိုးနိုင်ငံတွင် ဝက်သက်ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ထိုနိုင်ငံများမှာ  အာဖရိကအပြင် ဂျော်ဂျီယာ၊ မြောက်ပိုင်း မက်ဆီဒိုနီးယားနှင့် ဆာမိုအာတို့အပြင် အခြားနေရာများတွင်လည်း ရောဂါ ကူးစက် ပျံ့နှံ့လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ နောက်ဆုံး ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။

 

 

ကလေးငယ်များအား အချိန်မီ ဝက်သက် ကာကွယ်ဆေး ထိုးပေးရန် ပျက်ကွက်ခဲ့မှုမှာ အဓိကဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။

 

 

ဝက်သက်ရောဂါအတွက် ကာကွယ်ဆေးထိုးသည့် ကလေးအရေအတွက်မှာ လျော့ကျလာနေကြောင်း UNICEF က သတိပေးပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများ တင်းကြပ်ထားခြင်းနှင့် ကာကွယ်ဆေး ထိုးပေးနိုင်သည့် ဝန်ထမ်းများ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြောကြားခဲ့သည်။

 

 

မိဘများ အနေဖြင့် ၎င်းတို့၏ ကလေးငယ်များအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်ကို စိုးရိမ်သောကြောင့် ဝက်သက် ကာကွယ်ဆေး မထိုးရန် တားမြစ်မှုများ ရှိနေကြောင်း အဆိုပါ အေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။

 

 

နိုဝင်ဘာလအတွင်း နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လူပေါင်း ၉၄ သန်းကျော်သည် ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးရန် ပျက်ကွက်လျက်ရှိကြောင်း WHO က ပြောကြားခဲ့သည်။

 

 

ဝက်သက်ရောဂါကို ကာကွယ်ရန်အတွက် ဝက်သက်ရောဂါ ကာကွယ်ဆေးကို သေသေချာချာ ထိုးနှံပေးရန် လိုအပ်ကြောင်း အဆိုပါ အဖွဲ့အစည်းက တိုက်တွန်း ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်