စလင်း ၂၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ဝက်သည်းကန်အနီးရှိ ကျေးရွာများသည် ဝက်သည်းကန်အတွင်းရှိ ကြာပင်မှကြာချည်ထုတ်လုပ်ရောင်းချ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။
ကြာချည်ထုတ်လုပ်သူများအား ကုန်ကြမ်းမှ ကုန်ချောကြာချည်ထည်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ရက်ကန်းသင်တန်းပို့ချမည့် ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
ဝက်သည်းကန်တော်မင်္ဂလာအတွင်းတွင် ပဒုမ္မာကြာတောကြီးများ နေရာအနှံရှိသည်။ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဏရိပ်၊ ကြာတံဆိပ်၊ ကြာခေါင်းလောင်း၊ ကြပဒုမ္မာ၊ ကုမုဒြာကြာစသည့် ကြာမျိုးစုံရှိပါသည်။ ဗေဒါပင်၊ ဗေဒါပန်းများလည်းရှိပြီး ကန်အကျယ်အဝန်းမှာ ဧက ၅၃၀၊ ရေပြင်ဧရိယာ ဧက ၃၅၀ ရှိပြီး သစ်တောဦးစီးဌာနမှ သဘာဝဝန်း ကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေ ငှက်ဘေးမဲ့တောအဖြစ် ၁၉၅၃ ခုနှစ်မှ စတင်သတ်မှတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ကန်ပတ်ဝန်းကျင်ကျေးရွာများမှ ကြာချည်ထုတ်သူများအနေဖြင့် သင်တန်းတက်ရောက်ပြီးစီးပါက ကြာချည်ကုန်ချော ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဝင်ငွေပိုမိုတိုးပွားလာမည်ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်မောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အသေးစားက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်က ကြာချည်မှ ရက်ကန်းသင်တန်းဖွင့်လှစ်နိုင်မှုအစီအမံနှင့် အသက်မွေးပညာ သင်ကြားနေမှု အခြေအနေမျာအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်က ရက်ကန်းသင်တန်း ပို့ချမှုအစီအမံများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြကြပြီး ဝန်ကြီး၊ တိုင်းဦးစီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
သန်းမြင့်(ပြန်/ဆက်)
